By Ra Wai / MPA
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၃ရက်၊မွန်းလွဲ နှစ်နာရီကျော်က စစ်သားအင်အား ၄၀ခန့်တို့သည် စလေ-တောင်သာလမ်းခွဲမှ တောင်သာနှင့် မြေပဒုံရွာဘက်သို့ ကားနှစ်စီး၊ ဆိုင်ကယ်လေးစီးဖြင့် လာစဉ် မကျီးကုန်းရွာတောင်ဘက်၌ PDFတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားခုနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Chauk Revolution Army က သတင်းထုတ်ပြန်သည်။
” ပေပါမိုင်းပါဗျ။ ဘေးကတိုက်မိုင်းတွေထပ်တိုးပြီး ပိုထိကုန်တာပါဗျ။ တိုက်မိုင်းကို သုံးပွိုင့်လောက် ရှိတယ်ဗျ။ နှစ်ပွိုင့်ထပ်တိုးတယ်ဗျ။ ကားကိုဆွဲတာပါဗျ။ဆိုင်ကယ်တွေလည်း ထိတယ်ဗျ။ မိုင်းဆွဲတော့ ဘေးကို ဆင်းဝပ်ကြတာ အဲမှာ ထောင်ထားတဲ့မိုင်းတွေ ထပ်တိုးကုန်တာ” ဟု Chauk Revolution Army အဖွဲ့၊ စစ်ရေးတာဝန်ခံ ရဲဘော်အာကြီးက MPA သို့ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ပြီး ဆုတ်ခွာသွားကြောင်းသိရသည်။
” သူတို့ကတော့ အနီးနားပတ်ဝန်ကျင်တွေကို ဆက်တိုက် ရမ်းပစ်တယ်။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို Chauk Revolution Army (CRA) နှင့် KDF၊ ဒေါင်းစစ်သည်ပြောက်ကျား တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။