By Bala / MPA
ကရင်နီပြည်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာရှိ စာသင်ကျောင်း နှင့် ဆေးခန်းတစ်ခုအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယနေ့တွင် ဗုံးသုံးလုံးကြဲခဲ့ကြောင်း သိရသည်။
ယနေ့၊နေ့လည် ၂နာရီ ၃၀မိနစ်ဝန်းကျင်က စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတစ်နေရာသို့ ဗုံး ၃လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွါးရာနေရာရှိ ပညာရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ဂျက်ဖိုက်တာတစ်စီးနဲ့ လာကြဲသွားတယ်။နှစ်ခေါက်ဝဲတယ်။ဒုတိယတစ်ခေါက်ဝဲတော့ ဆေးခန်းကို တစ်လုံးအရင်ကြဲတယ်။ပြီးတာနဲ့ စာသင်ကျောင်းကို နှစ်လုံးထပ်ကြဲတယ်။စာသင်ကျောင်းနဲ့ ဆေးခန်းက လမ်းတစ်လမ်းစာပဲခြားတာပေါ့၊လမ်းမက အလယ်မှာ ဗုံးကြဲခံရတာတွေက ဟိုဘက်ဒီဘက်ပေါ့။ရည်ရွယ်ချက်ရှိရှိနဲ့ ဆေးခန်းပေါ်နဲ့ စာသင်ကျောင်းပေါ်ကို ကြဲသွားတာ”ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်၏ ယနေ့ဗုံးကြဲမှုအတွင်း လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း နှင့် အဆောက်အဦး ၇လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း အခင်းဖြစ်ပွါးနေရာရှိ ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။
“ဆေးခန်းမှာလည်း ပျက်တယ်၊စာသင်ကျောင်းဘက်မှာလဲပျက်တယ်။စာသင်ကျောင်းက နှစ်လုံးကြဲတာဆိုပေမယ့် တစ်လုံးတစ်နေရာစီဆိုတော့ အပျက်အစီးပိုများတာပေါ့။စစ်တပ်က ပြည်သူတွေပဲရှိတဲ့နေရာကို ကြဲသွားတော့ ကြောက်ရတာပေါ့။ဘာဗုံးအမျိုးအစားလဲတော့ သေချာမသိရပေမယ့် ပြင်းအားက တော်တော်ပြင်းတယ်”ဟု ၎င်းက ပြောသည်။
ယခုနှစ်အတွင်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စာသင်ကျောင်းနှင့် ဆေးခန်းအား စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလာခဲ့သဖြင့် ကရင်နီဒေသအတွင်းလေကြောင်း အန္တရာယ်ပြင်ဆင်မှုများပြုလုပ်နေရကြောင်း ကရင်နီအခြေစိုက် လူမှုကူညီရေးအသင်းများထံက သိရသည်။