By Ra Wai / MPA
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ပိန္နဲကုန်းရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော်သုံးဦးကျဆုံးပြီး ၁၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၃ရက်)နံနက်၁၀နာရီခွဲခန့်တွင် တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း KNUတပ်မဟာတစ်နယ်မြေအခြေ စိုက် PDFသတင်းရင်းမြစ်ထံက သိရသည်။
“လေကြောင်းတိုက်ခိုက်ပြီးတော့ လက်နက်ကြီးနဲ့ပါ တောက်လျှောက်ပစ်တယ်။ထိခိုက်ကျဆုံးက လေကြောင်းကြောင့်ပါ”ဟု ၎င်းက MPAသို့ပြောသည်။
လေကြောင်းတိုက်ခိုက်ပြီးနောက် တစ်နာရီခန့်အကြာ နေ့ခင်း ၁၁နာရီ၂၅မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ခုနှစ်လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့အခြေစိုက် အမြောက်တပ်၃၁၀နှင့် ခမရ၂၀၇ တို့မှ ၁၂၀မမ လက်နက် ကြီး ခြောက်လုံးနှင့် ၁၂၂မမ တစ်လုံး ပိန္နဲကုန်းရွာဝန်းကျင်သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။