By Nway / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းကို စက်တပ်လေထီးဖြင့် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၁၃ရက် ) မွန်းလွဲတစ်နာရီကျော်က ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( နမခ ) မှတက်လာသော စက်တပ်လေထီးနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Chaung U PDF ထံက သိရသည်။
” ရွာနာမည်တော့ မပြောတော့ဘူးဗျ။ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ကောင်မလေး သေဆုံးပါတယ်။ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ် ” ဟု Chaung U PDF သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
စစ်တပ်က နမခပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး ပြုလုပ်လိုသောကြောင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
” အခုကို Y 12 တော့ ချောင်းဦးဘက်ကို ဦးတည်ထားတယ်ဗျ ” ဟု ယနေ့ မွန်းလွဲသုံးနာရီကျော်၌ ၎င်းကပြောသည်။
ယနေ့နံနက်အစောပိုင်းနှင့် ယမန်နေ့ညကလည်း ချောင်းဦးနှင့် မုံရွာနယ်အစပ်ကို စစ်တပ်က Y 12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူခြောက်ဦးသေဆုံးကာ အယောက်၂၀ဒဏ်ရာရရှိခဲ့သည်။