By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာအချို့က စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးသုံးဦးအပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ရက်၊ ည ၉နာရီ၄၅မိနစ်ခန့် နှင့် ယနေ့ ( ဖေဖော်ဝါရီ ၁၃ရက် ) နံနက် ငါးနာရီတို့၌ တံတားဦးလေတပ်မှ တက်လာသော Y 12 စစ်ထောက်ပို့ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၈ကြိမ် ပြုလုပ်ခဲ့ကြောင်း Chaung U PDF ထံကသိရသည်။
” ည ကိုးကြိမ်၊ မနက်ကိုးကြိမ်ဗျ။ တစ်ခါ၊ တစ်ခါချရင် ငါးလုံးတို့ သုံးလုံးတို့ ကြုံသလိုချသွားတာ။ ပေါင်အဆင့်ဗုံးတွေပါ။ ဘယ်လောက်ပေါင်လဲတို့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲမရှိဘူး၊ ဒီအတိုင်း လာပစ်သွားတာ ” ဟု Chaung U PDFမှ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် မုံရွာမြို့နယ်၊ သစ်ဆိမ့်ရွာမှ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦး၊ ညောင်ဖြူပင်ရွာမှ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ချောင်းဦးမြို့နယ် စစ်ရှောင်စခန်းတစ်ခုမှ မိသားစုဖြစ်သည့် အသက် ငါးနှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၇၀အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများထဲတွင် မုံရွာနှင့်ချောင်းဦးမြို့နယ်အတွင်းရှိ အခြားသောရွာများထဲက ပြည်သူများ လည်း ပါဝင်ပြီး ဆေးဝါးကုသမှု ပေးထားကြောင်း သိရသည်။