By Ko Paing/MPA
စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တောပုပျူစောထီးကျေးရွာသို့ သွားသည့် စစ်ယာဥ်တန်းကို ပြင်းအားမြင့် မိုင်းဖြင့် တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း Area 71 People’s Defense Force ထံက သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တောပုပျူစောထီးကျေးရွာသို့ စစ်ကူပို့ရန်လာသည့် Fawကား လေးစီးအနက် နှစ်စီးကို တောပုရွာဘက် ကားလမ်းအဆင်း တစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့များက လေးလုံးတွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အနီးရှိ စစ်တပ်ကင်းပုန်းများပါ ထိမှန်ခဲ့ကြောင်းသိရသည်။
“ထိခိုက်မှုကတော့ သေချာပေါက်များတယ်။အဲ့ကောင်တွေ ညည်းသံတွေကြားနေတာ။ပြီးတော့ ဘေးကနေ ဆဲဆိုပြီး စိန်ခေါ်နေတဲ့အသံကိုလည်း အကျယ်ကြီးကြားနေရတာ။ည ၁၁ ဆိုတော့ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတာ။ကင်းပုန်းယူတဲ့ ပုံစံက နှစ်ယောက်တစ်တွဲဖြစ်ဟန်ပဲ။ မိုင်းထိမှန်ပြီး အော်ညည်းနေတာက တစ်ယောက်တည်းရဲ့ အသံဗျ”ဟု Area 71 People’s Defense Force တာဝန်ခံ ကိုထွန်း က MPAသို့ ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများ ဆဲဆိုကာ အနီးဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ပစ်ခတ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
“စစ်ကား နှစ်စီးပဲ တောပုရွာထဲကိုဝင်တယ်။ကျန် နှစ်စီးတော့ ကျတော်တို့လည်းမသိဘူး။ကျတော်တို့ မိုင်းဆွဲတာမှာ သေချာပေါက် နှစ်ကောင်သေတယ်။ဒါ ကျတော်တို့လည်း မိုင်းဆွဲပြီးပြီးချင်း တန်းပြန်ဆုတ်တာမဟုတ်ဘူး။ဝပ်နေရသေးတယ်။အဲ့မှာ ညည်းတွားသံနဲ့ဆံသံတွေကြားရတာ”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Area 71 People’s Defense Force နှင့် မုံရွာမြို့နယ်(ပကဖ)ဖောက်ခွဲရေးအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးခြင်းကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။