By Hlaing / MPA
ကချင်ပြည်နယ်၏ ခရိုင်ရုံးများ အခြေစိုက်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် KIA တပ်ဖွဲ့ဝင်ကျဆုံးမှု များပြားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လေးရက်၊ နံနက် ငါးနာရီခန့်မှစ၍ ယနေ့(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်) အထိ ဗန်းမော်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။
“ ကျတာက ၃၅ ယောက်လို့ သိရတယ်။ အဲ့ဒီထက်ပိုနိုင်တယ်။ ဒဏ်ရာတွေလည်း ရကြတယ်။ စကခ ၂၁ နဲ့ မီတာ ၁၀၀ ဝန်းကျင်ထိ ကပ်နေတာ။ တပ်မဟာ ၉ ဘက်က စစ်ကြောင်းတွေမှာလည်း ကျဆုံးတာတွေရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
တိုက်ပွဲကာလ နှစ်လကျော်အတွင်း KIA က စစ်ကောင်စီ၏ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်း(အမတ – ၃၆၆)၊ သံချပ်ကားခုနှစ်စီး၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း(တကရ – ၅၀၁၄) တို့ကို သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိသည့် တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။
ထိုကဲ့သို့ နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေစဥ်အတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ စစ်ကောင်စီက ဗန်းမော်မြို့အတွင်းရှိ ပြည်သူများ၏ နေအိမ်များနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လေကြောင်းနှင့် အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုများလည်း များပြားနေခြင်းဖြစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း၌ KIA နှင့်အတူ အာရက္ခတပ်တော်(AA)၊ KPDF တပ်ဖွဲ့ဝင်များ၊ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
“ ဆေးရုံမှာဆို အခြေအနေ အရမ်းဆိုးဆိုးဝါးဝါးလူနာတွေပါတယ်။ နောက်ထပ်လည်း ဒဏ်ရာရထားတာတွေ ရောက်လာတယ်။ ဆေးရုံမှာ ပုံနေတာပဲ” ဟု ရှေ့တန်းဆေးရုံတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။
တိုက်ပွဲများကြောင့် ကချင်စု၊ ပင်စင်ကုန်း၊ ရှမ်းဝိုင်း၊ မင်းကုန်း၊ မင်းကျောင်းကုန်း၊ အလယ်ရပ်၊ ညောင်ပင်ရပ်၊ ကုက္ကိုတော၊ နှစ်မိုင်၊ သုံးမိုင်၊ နောင်ခို၊ မင်းလှ၊ ရွှေကျီးနားနှင့် ခြောက်လကုန်းရှိ ပြည်သူများ၏ နေအိမ်အဆောက်အဦများမှာလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) အပါအဝင် ခလရ ၄၇ တပ်ရင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း (စရဖ – စု)၊ ခလရ ၂၃၆၊ ခလရ ၂၃၇၊ ထောက်ပံ့ပို့ဆောင်ရေးတပ် (ထပခ – ၉၃၃)၊ အမှတ် ၁၁ စစ်မြေပြင်တပ်ရင်း (မဆရ – ၁၁)၊ အမှတ် ၅ ဆက်သွယ်ရေးတပ် (ဆသရ – ၅)၊ အမြောက်တပ်ရင်း အမှတ် ၃၁၄၊ အမှတ် ၉၁၄ စစ်အင်ဂျင်နီယာတပ် (စအရ – ၉၁၄)၊ အမှတ် ၉၄၄ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ (ဆလ အခွဲ – ၉၄၄)၊ တပ်မ ၈၈ လက်အောက်ခံ သုံးရင်းတို့ ကျန်ရှိနေပြီး KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်၍ တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီကလည်း ဗန်းမော်မြို့မကျစေရေးအတွက် လေကြောင်း၊ ဆူဆိုက်ဒရုန်း(Suicide)၊ လက်နက်ကြီးများအသုံးပြု၍ အပြင်းအထန်ကာကွယ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့ကိုလည်း လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
“ တချို့ကလည်း ပြောနေကြတယ်။ ဗန်းမော်ပြီးရင် မြစ်ကြီးနားဆိုပြီးတော့ပေါ့၊ ခန့်မှန်းရခက်နေတော့ မပြန်ရဲသေးဘူး” ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် အသက် ၅၀ နှစ်အရွယ်ရှိ မြစ်ကြီးနားဒေသခံတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် အလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ KIA က ကချင်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်၊ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ ၁ အပါအဝင် လွယ်ဂျယ်၊ မိုးမောက်၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်၊ ဆဒုံး၊ မြို့လှ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။