By Ra Wai / MPA
မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီတပ်က ညသန်းခေါင်ယံအချိန်တွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူငါးဦးသေဆုံးပြီး ၁၉ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၀ရက်)နံနက် သန်းခေါင်ယံ ၁၂နာရီကျော်မှ ၁၂နာရီခွဲအထိ မိုးကုတ်မြို့အနောက် ပိုင်း၊ဝင်းထရံကျောက်လုပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံအလုံး ၃၀ နီးပါး ကြဲချခဲ့ခြင်းဖြစ် ပြီး နေအိမ်ခုနှစ်လုံးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း TNLAနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
“အဲဒီမှာကျောက်တူးနေတဲ့သူတွေရော မိသားစုတွေရော ရှိတယ်။ဒီမနက်ပိုင်းမှာ သုံးဦး သေတယ်လို့ သိရတယ်။၁၀နာရီခွဲကျော်မှ ထပ်သိရတာ သေတာ ငါးဦး”ဟု ဒေသခံ သတင်းရင်းမြစ်က MPAသို့ ပြောသည်။
ဗုံးကြဲခံရသည့် ဝင်းထရံကျောက်လုပ်ကွက်သည် မိုးကုတ်မြို့အနောက်ပိုင်း ကသည်းကျောက်ဆောင် ရွာနှင့် ပြောင်းပြင်ရွာကြားတွင် တည်ရှိသည်။
မိုးကုတ်မြို့ကို အုပ်ချုပ်နေသော TNLA က ဗုံးကြဲခံရမှုကြောင့် ထိခိုက်မှုအခြေအနေကို ဖော်ပြသွား မည်ဟု ထုတ်ပြန်ထားသည်။
ဇန်နဝါရီရှစ်ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းနှင့် မစိုးရိမ်ကျောင်းတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊အိမ်ငါးလုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်၊ဇူလိုင်၂၄ရက်တွင် TNLAနှင့် ပူးပေါင်းတပ်တို့က မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ပြန် လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။