By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး လေးဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ကိုးရက်၊ နံနက်ရှစ်နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုပျူရွာမှထွက်လာသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်း သုံးလုံး တစ်ပွိုင့်၊ နှစ်လုံးတစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်အမှတ်၁၁တပ်ရင်းက ယနေ့ (ဖေဖော်ဝါရီ ၁၀ရက် ) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
” မုံရွာ – ချောင်းဦးလမ်းပိုင်းပေါ်က ပြည်သူတွေရဲ့ နေအိမ်မှာ ကင်းပုန်းဝပ်နေကျ။ အဲဒီအိမ်တွေမှာက ပြည်သူတွေ မနေတော့ဘူး၊ ရှောင်နေပြီ။ ကျတော်တို့က သူတို့ဝပ်ဖို့ ဝင်နေကျတိုက်မှာ မိုင်းဆင်ထားတာ။ သူတို့ပြုံပြီးဝင်လာတဲ့အချိန်မှာ မိုင်းဆွဲတာဆိုတော့ တော်တော်အထိနာတယ် ” ဟု မုံရွာခရိုင်အမှတ်၁၁တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို မုံရွာမြို့ပေါ်မှ လူနာတင်ကား သုံးစီးဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
” တောပုကနေ အင်အားထပ်တိုးလာတာတော့ရှိတယ်။ ကျတော်တို့ မိုင်းဆွဲတဲ့နေရာကို အင်အား ၄၀လောက်နဲ့ ရောက်လာတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီရှစ်ရက် နံနက်ပိုင်းကလည်း တောပုပျူရွာမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကြေးမုံရွာအနီး၌ PDFတို့က ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝင်ရှစ်ဦးသေဆုံးခဲ့သေးသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။