By Ko Paing / MPA
ပဲခူးတိုင်း၊အုတ်ဖိုမြို့မရဲစခန်းအနီးရှိ စစ်မှုထမ်းဟောင်း ရုံးကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Golden Garuda Battalion-G2Bက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီငါးရက်၊ နံနက်လေးနာရီခွဲဝန်းကျင်တွင် စစ်မှုထမ်းဟောင်းရုံး၌ စစ်သားများရှိနေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“စစ်သားတွေက ရုံးထဲမှာရှိနေချိန် မိုင်းဖောက်ခွဲလိုက်တာမှာ စစ်သား တစ်ဦးသေပြီးတစ် ဦးဒဏ်ရာရတယ်။သေတဲ့ကောင်က ယာဥ်မောင်း။စစ်မှုထမ်းစုဆောင်းထားတဲ့လူငယ်တွေကို ပို့ဆောင်ရင် သူမောင်းတာ။မိုင်းဖောက်ခွဲပြီးတော့ သူတို့ဘက်က ပစ်ခတ်တာမျိုးတွေလည်းမရှိပါ ဘူး”ဟုGolden Garuda Battalion-G2B မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုညာ ကပြောသည်။
ယင်းမိုင်းဖောက်ခွဲခံရပြီးနောက် စစ်သားနှင့်ရဲ စုစုပေါင်း ၃၀ခန့် ရောက်ရှိလာပြီး သေဆုံးနှင့်ဒဏ်ရာရစစ်သားတို့ကို အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို “၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်”အဖြစ် ပဲခူးရိုးမတော်လှန်ရေးတပ်ဦး ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ Nu Naw-1 စစ်ဆင်ရေးအဖြစ် Golden Garuda Battlion-G2Bက ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML