By Nway / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်သားများအထိုင်ချလိုက်သဖြင့် တစ်ရွာလုံး ထွက်ပြေးနေရကြောင်း သိရသည်။
ဖေဖော်ဝါရီ သုံးရက်၊ ညနေ သုံးနာရီခန့်မှ ငါးနာရီခွဲအထိ ရုံးစည်ကြီးရွာကို MI 35နှင့် ဂျက်ဖိုက်တာ တို့ဖြင့် ခြောက်ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့ပြီးနောက် မိတ္ထီလာ တပ်မ ၉၉မှ စစ်သား ၁၀၀ခန့်က ရုံးစည် ကြီးရွာသို့ ဝင်ရောက်ကာ ယနေ့ ( ဖေဖော်ဝါရီ ၅ရက် ) အထိ ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထား ကြောင်း ရုံးစည်ကြီးရွာအနီးနေ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
” ညနေ ခြောက်ခွဲလောက်မှာ စစ်ကြောင်းဝင်လာတယ်။ တစ်ရွာလုံး ရှောင်ကြရတာ။ အဲဒီရွာက အိမ်ခြေ ၁၈၀၀ လောက်ရှိတယ် ” ဟု ၎င်းက MPA ကိုပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရုံးစည်ကြီးရွာအတွင်းရှိ ” ဝေကြီး” ကုန်စုံဆိုင်ပေါ်သို့ ဗုံးသီးကျကာ မီးလောင်ပျက်စီးခဲ့ကြောင်း ယင်းဆိုင်မှာ ဗိုလ်မှူးကြီးကျော်ကျော်ဦး(ငြိမ်း) နှင့် ၎င်း၏ ညီမဖြစ်သူ ဒေါ်လွင်လွင် ( အဂတိတိုက်ဖျက်ရေး (ညွှန်ချုပ်-နေပြည်တော် )တို့ပိုင်ဆိုင်သော မိသားစု ဆိုင်ဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ – တောင်သာက ထုတ်ပြန်ထားသည်။
ဝေကြီးကုန်စုံဆိုင်အတွင်းရှိ လက်ကျန်ပစ္စည်းများကို စစ်သားများက နေရာရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
” ဝေကြီးကုန်စုံဆိုင်က လူတွေလည်း ထွက်ပြေးကုန်ကြတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်နှင့် ဆရာတော်များစီးနင်းသည့် ကား နှစ်စီးပျက်စီးခဲ့ကြောင်းလည်း သိရသည်။