By Nway / MPA
နှစ်သစ်အစ တစ်လကျော်ကာလအတွင်း စစ်အုပ်စုကြောင့် အမျိုးသမီး ၅၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကသတင်းထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီတစ်ရက်မှ ဖေဖော်ဝါရီလေးရက်အထိ စစ်အုပ်စုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီးအမျိုးသား ၆၈ ဦးလည်း သေဆုံးခဲ့ကာ စုစုပေါင်း ၁၂၅ဦး သေဆုံးခဲ့သည်ဟု အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း သေဆုံးသူများမှာ စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ၈၉ဦးအထိ သေဆုံးခဲ့ကြောင်း AAPP ကဆိုသည်။
” အခုနောက်ပိုင်းကတော့ လေကြောင်းသတိအမြဲရှိတယ်။ လူလည်း မစုရဲဘူး။ စစ်ရှောင်ရင်တောင် ကိုယ့်အစုလေးနဲ့ကိုယ် တောတိုက်ထဲနေကြတာ။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေဆို ပိုလုပ်နေသလိုပဲ ” ဟု မကွေးတိုင်း၊ မြိုင်မြို့နယ်၊ကန်နီပျူရွာအနီးရှိ ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး ပါဝင်ကြောင်း AAPPက ထုတ်ပြန်သည်။
၂၀၂၅ ခု၊ ဖေဖော်ဝါရီ တစ်ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုဇော်လင်းစိုး၊ ကိုဝက်ကြီးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး မဖြူ တို့သုံးဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၉ရက်၊ ညသန်းခေါင်နှင့် ဇန်နဝါရီ ၃၁ရက်၊ ညနေပိုင်းကလည်း မြိုင်မြို့နယ်ရှိ အောင်ဆန်း ပညာရပ်စုံ တက္ကသိုလ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ဂန့်ဂေါမြို့နယ်မှ ကျောင်းတက်ရန် ရောက်ရှိနေသည့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ကာ ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့သေးသည်။