By Ko Paing/MPA
မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်းရှိ PDFစခန်းတစ်ခုကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ ရာ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်း ကျပ် သိန်း ၄၅၀ ခန့်ဆုံးရှုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီသုံးရက်၊ နံနက်ပိုင်းမှ စတင်၍ မြိုင်မြို့ စက်မှုနှစ် မှ ထွက်လာသည့် အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် မြိုင်မြို့နယ်အနောက်တောင်ပိုင်း တစ် လျှောက် စစ်ကြောင်းထိုးလာရာလမ်းရှိ အညာမြေတပ်ပေါင်းစု၏ မဟာမိတ်အဖွဲ့ Myaing Underground Defense Force-MUGDF ၏ စခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့ သတင်းထုတ်ပြန်သည်။
“စခန်းမှာက ရဲဘော် သုံးဦးရှိနေချိန် မှာ ဝင်စီးခံလိုက်ရတာ။ရဲဘော်သုံးဦးက သေနတ်နဲ့ကျည်အပါအ ဝင် အရေးကြီးပစ္စည်းတွေယူပြီး လွတ်မြောက်အောင်ရှောင်တိမ်းနိုင်လိုက်ပါတယ်။ လက်နက်ခဲယမ်း နဲ့ဆက်စပ်ပစ္စည်းတချို့တော့ ဆုံးရှုံးခဲ့တာပေါ့”ဟု အညာမြေတပ်ပေါင်းစုမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က MPAသို့ ပြောသည်။
ယင်းစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် စခန်းအတွင်းရှိ ဘက်ထရီ ၊ ဆိုလာ၊ လိုင်းအားမြှင့်စက်၊ ကျည်၊ ဆိုင်ကယ် နှင့် အခြားတန်ဖိုးကြီး ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
“လမ်းမှာတွေ့တဲ့ အိမ်မှန်သမျှဖျက်တယ်။လူတွေ့ရင် စစ်ဆေးဖမ်းဆီးတယ်။ရိုက်တယ်။ အမျိုးသား သုံးဦးကိုတော့ စစ်ကြောင်းနဲ့အတူဖမ်းသွားတာ ပြန်လွှတ်မပေးသေးလို့ မိသားစုတွေ စိတ်ပူနေကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းက လှည်းမောင်းလာသည့် အမျိုးသမီးတစ်ဦးကို သေနတ်နှင့် ပစ်ခဲ့ရာ လက်မောင်းထိမှန်ပြီး ဒေသတွင်း ဆေးရုံ၌ အရေးပေါ်လူနာအဖြစ်ကုသမှုခံယူနေရ ကြောင်းသိရသည်။
“မြိုင်ဘက်က ပြည်သူတွေက ကိုယ့်ရွာကိုပြန်နေကြပြီ။ ခုပြေးနေရတဲ့ ပြည်သူတွေက ပေါက်မြို့နယ်က ခြောက်ရွာလောက်က ဒေသခံတွေ၊ လွတ်ရာမှန်သမျှကို ပြေးနေတာ ဘယ်သူမှ ပြန်မကပ်ရဲသေးဘူး”ဟု ၎င်းကဆိုသည်။
ယင်းစစ်ကြောင်းသည် ယနေ့(ဖေဖော်ဝါရီလေးရက်)နေ့ခင်း ၁၁ နာရီဝန်းကျင်တွင် ပေါက်မြို့နယ်၊ကုက္ကိုစု ပျူစောထီးကျေးရွာသို့ ဝင်ရောက်သွားရာ သနပ်ပင်ဆင်း၊ကမ်းပြို၊တင်ငုတ်ပြင်၊အင်းတိမ်၊အင်းယာနှင့်မုန်တောကျေးရွာတို့ မှဒေသခံပြည်သူ များ အရေးပေါ် စစ်ဘေးရှောင်နေရကြောင်းသိရသည်။
စာတည်း-ML