By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လမ်းပိုင်းကင်းယူရန် ထွက်လာသည့် စစ်အုပ်စုဝင်များ တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးကာ သေနတ်ငါးလက်သိမ်းဆည်ရရှိခဲ့ကြောင်း ကန့်ဘလူခရိုင်အမှတ်လေးတပ်ရင်းက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ သုံးရက်နေ့၊ နံနက်ရှစ်နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းပျူရွာမှ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်း၌ ကင်းယူရန် ဆိုင်ကယ်လေးစီးဖြင့်ထွက်လာသည့် စစ်သားနှင့်ပျူစောထီး စုစုပေါင်း ရှစ်ဦးကို ညောင်ပင်ဆိပ်ရွာမြောက်ဘက်၌ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” အလောင်းတွေကိုတော့ ဒီတိုင်းထားပစ်ခဲ့ရပြီး အခုထိသင်္ဂြိုဟ်ခြင်းမရှိသေးဘူးလို့သိရပါတယ်ဗျ” ဟု ကန့်ဘလူခရိုင်အမှတ်လေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဖေဖော်ဝါရီလေးရက်) မွန်းလွဲတစ်နာရီကျော်၌ MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဆိုင်ကယ်တစ်စီးနှင့် လူလေးဦးထွက်ပြေးလွတ်မြောက်သွားပြီး ကျန်ဆိုင်ကယ်များမှာ ကျည်ထိမှန်ကာပျက်စီးသွားကြောင်း၊ G3သုံးလက်၊ ကာဘိုင်နှစ်လက်၊ ကျည်ဘောက်နှင့် ကျည်ဆန်အချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်အမှတ်လေးတပ်ရင်းနှင့် နယ်မြေခံပကဖအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။