By Ra Wai / MPA
အာဏာသိမ်းမှု လေးနှစ်တာအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၈၀ ကျော် သေဆုံးခဲ့ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောသည်။
စစ်ကောင်စီတပ်က ဆေးရုံ၊ ဆေးခန်း ၃၄၀ ကျော်နှင့် စာသင်ကျောင်း ၁၄၅ ကျောင်းထက်မနည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်း ၁၃၃ ဦးသေဆုံခဲ့ပြီး၊ ၁၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း ၂၅၀ ကျော်သေဆုံးခဲ့ပြီး ယင်းအထဲ၌ အသက် ၁၈ နှစ်အောက်ကလေးငယ် ၈၈ ဦးပါဝင်ကြောင်း ယနေ့ (ဖေဖော်ဝါရီ သုံးရက်) ပြုလုပ်သည့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်၌ ဦးကျော်ဇောကဆိုသည်။

ပုံစာ-ကျောက်မဲမြို့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း။

ပုံစာ-ကျောက်မဲမြို့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း။

ပုံစာ-ကျောက်မဲမြို့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း။
” ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်မှာ အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့တိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး ထိခိုက်ပျက်စီးသွားခဲ့ရပြီး သူနာပြုဆရာမကြီးတစ်ဦး၊ ရုံးဝန်ထမ်းတစ်ဦး၊ အရပ်သားတစ်ဦး၊ စုစုပေါင်းသုံးဦးသေဆုံးကာ ဆေးရုံဝန်ထမ်းတွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေအပါအဝင် ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂၆ ရက်နေ့၌ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာရှိ စာသင်ကျောင်း၊ လူနေအိမ်နှင့် လမ်းသွားလမ်းလာပြည်သူများကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး Mi-35 ဖြင့် နာရီဝက်ကြာ ပစ်ခတ်ခဲ့မှုကြောင့် လေးနှစ်အရွယ်နှင့် ငါးလသားကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးသေဆုံးခဲ့ရကြောင်းလည်း ဆိုသည်။
စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းခြောက်လထပ်တိုးလိုက်ခြင်းသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်များကို ဆက်လက်ကျူးလွန်မည့် ကာလ ထပ်မံတိုးခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေဖြင့် မြို့နယ်ပေါင်း ၁၉၀ ၌ ဆေးရုံ ၁၀၆ ခု၊ ဆေးခန်း ၈၀၀ ကျော်နှင့် ရွေ့လျားဆေးခန်း ၂၀၀ ခန့်တို့ ဖွင့်လှစ်ထားနိုင်ပြီး ပြင်ပလူနာ ကိုးသိန်းကျော်၊ အတွင်းလူနာ သုံးသောင်းကျော်၊ ခွဲစိတ်လူနာ ၂၃၀၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ကုသပေးမှု ၃၂၀၀ ကျော်နှင့် လွှဲပြောင်းပေးရသည့် လူနာ ၄၃၀၀ ကျော်တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းလည်း ပြောသည်။