By Ko Paing / MPA
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ စစ်အုပ်စုဝင်ငါးဦး သေဆုံးနိုင်ကြောင်း မင်းဘူးခရိုင်အမှတ်ငါး တပ်ရင်းထံက သိရသည်။
ဖေဖော်ဝါရီသုံးရက်၊ နံနက် ခြောက်နာရီခွဲဝန်းကျင်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်၊ လင်းဇင်း ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် နှစ်နာရီနီးပါးရှိကြောင်း သိရသည်။
“ စခန်းထဲထိရောက်တယ်။ ဘေးစပ်က အဆောက်အအုံတွေတော့ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဘန်ကာတွေကို RPG နဲ့ ပစ်တာထိတဲ့ ဘန်ကာသုံးလုံးလောက်တော့ရှိမယ်။ တိုက်ပွဲနှစ်နာရီ လောက်အကြာမှာ ဂျက်ဖိုက်တာ တစ်စီး၊ကင်းထောက်တစ်စီးနဲ့လာပြီး ဗုံးကြဲတယ်။ Rocket နဲ့လည်း ပစ်တော့ ကျတော်တို့လည်း ပြန်ဆုတ်ခဲ့ရတာပေါ့” ဟု မင်းဘူးခရိုင်အမှတ်ငါးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦး က MPA သို့ ပြောသည်။
စခန်းရလုနီးအချိန်တွင် လေကြောင်းပစ်ကူအပြင် စလင်းမြို့နယ်၊ ကံပြားရဲစခန်းမှ စစ်ကူများလည်း ရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရသည်။
“ကျတော်တို့ မျက်မြင်ကတော့ ငါးယောက်လောက်ရှိတယ်။ လဲကျကုန်တာတွေ။ ကတုတ်ကျင်းထဲက ကောင်တွေက ဒဏ်ရာရတဲ့ကောင်တွေကို ဆွဲချပြီး ပြန်ပစ်တာမျိုးတွေရှိတယ်” ဟု၎င်း ဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေါင်းစစ်အောင်(LPDF)၊ မင်းဘူးခရိုင်တပ်ရင်းတစ်၊ မင်းဘူးခရိုင်တပ်ရင်းငါး၊ စလင်းမြို့နယ်(ပကဖ)၊ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ SLN(PDF)၊ ဒေါင်းညီနောင်အဖွဲ့၊ ဗမာ့တပ်မတော်နှင့် မကွေးတိုင်းဒရုန်းအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။