By Ko Paing / MPA
ဇန်နဝါရီလအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားနှင့်ရဲ ၁၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ လာကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖေါ်ဝါရီတစ်ရက်)သတင်းထုတ်ပြန်သည်။
NUGအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြခြင်းဖြစ်ပြီးယင်း ၁၃၆ဦးအနက် ၈၃ဦးမှာ လက်နက်နှင့်တကွ ခိုလှုံလာခြင်း ဖြစ်ကြောင်း သိရသည်။
“အလင်းဝင်လာတဲ့သူတွေကို လွတ်မြောက်နယ်မြေတွေမှာ နေရာချပေးပြီး အလုပ်အကိုင်ရရှိရေးကို ပါ ဖန်တီးပေးနိုင်ရင် အလင်းဝင်တဲ့သူ ဒါ့ထက်ပိုများမှာ သေချာတယ်။အလင်းဝင်ပြီးမှ စားဝတ်နေရေး အဆင်မပြေမှာကြောက်လို့ မဝင်ရဲတဲ့သူ တပ်ထဲမှာ အများကြီးရှိတယ်။ပြီးတော့ မိသားစုရှိလို့ မိသားစု ကိုငဲ့ရတာကြောင့်ရော”ဟု မဲဆောက်အခြေစိုက်CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ပြည်သူ့ရင်ခွင်ဝင် ၈၃ဦးထံက လက်နက်မျိုးစုံ၈၃လက်နှင့် ခဲယမ်းများ ရရှိခဲ့ပြီး NUGကာကွယ်ရေး ဝန် ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာပြည်သူ့ရင်ခွင် ခိုလှုံကြရန် NUGကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
စာတည်း-ML