By Bala / MPA
ရှမ်း-ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့ထဲသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများရှိလာ သဖြင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
မိုးဗြဲမြို့ပြင်အခြေစိုက် ခလရ၄၂၂တပ်သည် ယင်းတပ်ရင်းအနီးရှိ သရက်ခြံကုန်း၌ အထိုင်ချကာ မိုးဗြဲမြို့ဈေးအနောက်ဘက်ခြမ်းသို့ ဝင်ရောက်လာသဖြင့် ဇန်နဝါရီနောက်ဆုံးပတ်အတွင်း တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု(SSLRU)ထံက သိရသည်။
“ မိုးဗြဲတိုက်ပွဲက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာမျိုးတွေ ရှိပါတယ်။တော်လှန်ရေးအင်အားစုဘက်ကတော့ ကာကင်းအနေအထားနဲ့ ရင်ဆိုင်နေရပါတယ်” ဟု SSLRU ပြန်ကြားရေးတာဝန်ခံက MPAသို့ ပြောသည်။
တော်လှန်ရေးတပ်များသည်မိုးဗြဲမြို့ကို စိုးမိုးထားပြီး မိုးဗြဲမြို့အစပ်နေရာများတွင် ကင်းချကာ ခုခံနေကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်းဇန်နဝါရီ ၂၃ရက်နေ့က အမှတ် (၁၀၀၈) တပ်ရင်း (SSRY) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး ဇန်နဝါရီ ၂၇ရက်ကလည်း SSLRUနှင့် SSRYမှ ရဲဘော်သုံးဦး ထပ်မံကျဆုံးခဲ့ကြောင်း သိရသည်။
” လွန်ခဲ့တဲ့ ငါးရက်က ထိတွေ့တိုက်ပွဲဖြစ်သွားပြီး SSRYက တယောက်ကျသွားပါတယ်။ ဇန်နဝါရီလ ၂၇က တိုက်ပွဲဒုတိယစည်းနားမှာ ပြန်နားရင်း လက်နက်ကြီးထိပြီး ကျတဲ့ ရဲဘော်သုံးယောက်နဲ့ ရက်သိပ်မကွာပါဘူး။ထိခိုက်ဒဏ်ရာရတာကတော့ သုံးယောက်ထိပါတယ်။SSLRU ကတစ်ယောက်ကတော့ မေးရိုးကြေသွားပါတယ်။ SSRY က နှစ်ယောက်ထဲက တစ်ယောက်ကတော့ စိုးရိမ်ရတယ် ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည့် SSLRU မှ ရဲဘော်ခန့်ခန့် (၁၈ နှစ်) ၊ရဲဘော် ကော်ဘရာ (၂၆ နှစ်) နှင့် SSRY မှ ရဲဘော် ဉာဏ်ကြီး (၂၄ နှစ်) တို့၏ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၂၈ရက်က ကရင်နီဒေသတစ်နေရာတွင် ကျင်းပခဲ့သည်။
လက်ရှိတွင် မိုးဗြဲနယ်အတွင်း စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းသာမက ဒရုန်းနှင့်လက်နက်ကြီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။











