By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား သုံးဦးသေဆုံး၍ ၂၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ရက်၊ နံနက် ခြောက်နာရီခွဲခန့်တွင် မတ္တရာမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့နယ်၊ အနောက်မြောက်ခြမ်းရှိ မြွေထိန်ပင်စောက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်က ယနေ့ ( ဇန်နဝါရီ ၂၇ရက် ) သတင်းထုတ်ပြန်သည်။
” တိုက်ပွဲက မနက်ခြောက်နာရီခွဲကနေ ညနေလေးနာရီဝန်းကျင်အထိ ကြာမြင့်ခဲ့တယ်။ စစ်ကြောင်းက မတ္တရာမြို့ပေါ်ကနေ တုန်ကုန်း၊ ယမ်းကုန်းဘက်ကိုတစ်ဆင့်ဝင်တယ်။ ပြီးမှ မြွေထိန်ပင်စောက်ရွာကို ဝင်တယ်။ အဲဒီမှာ ကျတော်တို့က ပြန်ခုခံတာပေါ့ ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်၏ သတင်းတာဝန်ခံ ကိုတောက်တောက်က MPA ကို ပြောသည်။
တိုက်ပွဲအတွင်း သေနတ်သုံးလက် ရရှိခဲ့ပြီး ဒဏ်ရာရ စစ်သား၂၀ခန့်ကို စစ်တပ်က မတ္တရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
” တချို့တစ်ဝက် စကစကတော့ မတ္တရာမြို့ပေါ်ကိုပြန်သွားပြီ။ တချို့တစ်ဝက်ကတော့ စကစအခြေချထားတဲ့ တုန်ကုန်း၊ ယမ်းကုန်းရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတာမျိုးရှိပါတယ် ” ဟု ကိုတောက်တောက်က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က မြွေထိန်ပင်စောက်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေးကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အပြန်အလှန်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားရာအနီး စစ်တပ်အထိုင်ချရာ တုန်ကုန်းကျေးရွာမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စကျင်ကျေးရွာမှ ပြည်သူငါးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။