By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လေယာဉ်ကွင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်ရှိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၆ရက်၊ နံနက်ပိုင်းက ဗန်းမော်မြို့၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ ဗန်းမော်လေဆိပ်နှင့် လေယာဉ်ကွင်းကို KIA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ မနေ့က(ဇန်နဝါရီ ၂၆ ရက်) လေဆိပ်ကို သိမ်းလိုက်နိုင်တာ ဟုတ်တယ်။ ခရီးသည်တင် လေဆိပ်ပဲ၊ ဒါပေမဲ့ လေဆိပ် ပတ်ဝန်းကျင် မှာက စစ်ကောင်စီတပ်တွေချည်းပဲ” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဗန်းမော်မြို့ရှိ အမြောက်တပ် (၃၆၆) နှင့် ၇၀၀၆ သံချပ်ကာတပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သံချပ်ကာကား ၇ စီးကိုလည်း သိမ်းဆည်းရမိခဲ့သေးသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ လေးရက်မှ စတင်ကာ KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့ကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့(ဇန်နဝါရီ ၂၇ရက်)အထိ တိုက်ပွဲများဖြစ်ပွားနေကာ စစ်ဘေးရှောင်ပြည်သူမှာလည်း တစ်သိန်းကျော်ခန့်ရှိလာပြီဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း KIA က စစ်ကောင်စီ၏ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ၊ အမြှောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်းနှင့် ဗန်းမော်လေဆိပ်တို့ကို သိမ်းပိုက်ထားနိုင်ပြီး ဗန်းမော်မြို့အတွင်းရှိ ရပ်ကွက်အချို့ကိုလည်း စီးနင်းထားနိုင်ကြောင်း သိရသည်။
လက်ရှိ ဗန်းမော်မြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အပါအဝင် ခလရ ၄၇၊ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း၊ အင်ဂျင်နီယာတပ်ရင်း၊ ဆေးတပ်ရင်းနှင့် တင့်ကားတပ်ရင်းများလည်း ကျန်ရှိနေသေးသည့်အတွက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။
“ အမြောက်တပ် ၃၆၆ နဲ့ စကခနဲ့က တကြောတည်းပဲ။ ၃၆၆ နဲ့ လေဆိပ်ကတော့ နီးတယ်။ တစ်နိုင်ငံလုံးက လေယာဥ်တွေ ဗန်းမော်ထဲ ရောက်နေသလိုပဲ၊ နောင်ခို၊ မင်းလှ၊ နမ်းဖားဘက်တွေမှာ မီးတွေလောင်နေတုန်းပဲလို့ သိရတယ်” ဟု မန္တလေးမြို့သို့ စစ်ရှောင်လာသည့် ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့်အတူ KPDF တပ်ဖွဲ့ဝင်များ၊ ကျောင်းသားတပ်မတော်(ABSDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းကြောင့် စစ်ရေးထိန်းချုပ်နိုင်ရန်ဟုဆိုကာ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ဌာနချုပ်ဟောင်းတည်ရှိရာ လိုင်စင်(လိုင်စင်ပိုစ့်)တို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်လျက်ရှိသည်။
“ လိုင်ဇာကိုကြဲတာက ဒရုန်းနဲ့ ၂၅ ရက်နေ့လယ်က၊ လိုင်စင်ကို ၂၆ ရက် ညမှာ လေယာဥ်နဲ့ ကြဲတာ၊ ဘညွန့်တယ်လီဂရမ်ချန်နယ်ထဲမှာလည်း လိုင်ဇာကိုဗုံးကြဲဖို့ ပိုစ့် ခဏခဏတက်တယ်။ လိုင်ဇာ၊ မိုင်ဂျာယန်ဘက် ဂရုစိုက်ဖို့လိုတယ်” ဟု အသက် ၃၀ အရွယ် လိုင်ဇာမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခလရ ၄၇ တပ်ရင်း၊ စစ်ဘက်ဆိုင်ရင် လုံခြုံရေး တပ်ရင်း(စရဖ-စု)၊ ခလရ ၂၃၆၊ ခလရ ၂၃၇၊ ထောက်ပံ့ပို့ဆောင်ရေးတပ် ထပခ ၉၃၃၊ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ – ၁၁)၊ အမှတ် ၅ ဆက်သွယ်ရေးတပ် (ဆသရ – ၅)၊ အမြောက်တပ်ရင်း အမှတ် ၃၁၄ နှင့် အမှတ် ၃၆၆၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း (တကရ – ၅၀၁၄)၊ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း (သတရ – ၇၀၀၆)၊ အမှတ် ၉၁၄ စစ်အင်ဂျင်နီယာတပ် (စအရ – ၉၁၄)၊ အမှတ် ၉၄၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ (ဆလ အခွဲ – ၉၄၄)၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း သုံးရင်း ရှိကြောင်း သိရသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် အလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ KIA က ကချင်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်၊ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ ၁ အပါအဝင် လွယ်ဂျယ်၊ မိုးမောက်၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်၊ ဆဒုံး၊ မြို့လှ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။