By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ပြည်သူ ငါးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ရက်၊ နံနက်ပိုင်းတွင် မတ္တရာမြို့နယ်အနောက်ခြမ်း၊ တုန်ကုန်းကျေးရွာ အထိုင်ချ စစ်ကောင်စီတပ်က မြောက်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စကျင်ကျေးရွာသို့ လက်နက်ကြီးကျရောက်ခဲ့ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်သည်။
” ပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရပါတယ်။ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးပါ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့တစ်ယောက်က ဗိုက်ကိုထိတာပါ ” ဟု မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဒေသခံပြည်သူတစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် မွန်းလွဲ တစ်နာရီကျော်တွင်လည်း စစ်တပ်က မြွေထိန်ပင်စောက်ရွာအနီးကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
” တိုက်ပွဲဖြစ်လို့ လာပစ်တာပါ။ ဂျက်ဖိုက်တာနဲ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒဏ်ရာရပြည်သူများသည် ဆေးဝါးကုသမှုပေးထားကြောင်း သိရသည်။