By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူရွာမှ ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၂ရက်၊ နံနက် ရှစ်နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာသည့် စစ်သားနှင့် ပျူစောထီး ၂၅ယောက်ကို တောပုနှင့် ညောင်ဖြူပင်ကြား တစ်နေရာ၌ နှစ်လုံးတွဲပဒေသာမိုင်း နှစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chaung U People’s Defence Force – CHU PDFက သတင်းထုတ်ပြန်သည်။
“ ပျူပဲဖြစ်ဖို့များတယ်။ စစ်သားပါလည်း အနည်းစုဗျ။ ညောင်ဖြူပင်ကို ဒီဇင်ဘာတုန်းကလည်း ရိက္ခာပို့လမ်းကြောင်းကို မိုင်းဆွဲခံရပြီး အထိနာထားတာဆိုတော့ ထပ်ပို့တဲ့သဘော။ အဲ့တုန်းကလည်း ကောင်းကောင်းမရောက်လိုက်တာပေါ့။ ဒီတစ်ခါကျတော့ နည်းနည်း အင်အားသုံးလာတာပေါ့” Chaung U People’s Defence Force – CHU PDF၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သည် ရိက္ခာထုပ်များလမ်း၌ချသွားကာ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
“ ကျနော်တို့မှတ်တမ်း ဗီဒီယိုထဲမှာကြည့်တာ တော်တော်များတယ်ဗျ။ မရှိဘူးဆိုရင်တောင် ၁၀ထုတ် လောက် ရှိမယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ နှစ်၊ မုံရွာခရိုင် တပ်ရင်း၂၃၊ မုံရွာခရိုင်တပ်ရင်း ၂၅ ၊ မုံရွာခရိုင်တပ်ရင်း ၂၈၊ BLDF၊ Special Force 11နှင့် Importal Gurella force အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။