By Zwe Ko / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးအဆိုပါကျေးရွာရှိ ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီသည် ဆီဆုံကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီးနောက် အထက်ပါအတိုင်း စစ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
“ စစ်ရှောင်နေရတာကြာပြီ၊ အခု ရွာထဲမှာ စစ်သားတွေ မရှိတော့ဘူးဆိုလို့ အိမ်အခြေအနေ ပြန်ကြည့်တဲ့သူနဲ့ နေမကောင်းလို့ ပြန်တဲ့သူတွေ အနည်းငယ်ပဲရှိသေးတာ၊ အဲ့ဒါကို ၁၅ရက်နေ့မှာ စစ်ကြောင်းထိုးလာပြီး ရွာမှာ ပိတ်မနေတဲ့သူတွေကို ဖမ်းထားတာ၊ ၁၆ရက်နေ့မှာ သူတို့ဖမ်းထားတဲ့သူတွေကို ရွာလယ်ခေါင်မှာ ကြိုးတုပ်ပြီး ပစ်သတ်လိုက်တယ်။ ပစ်သတ်ခံရတဲ့သူတွေက ၁၀ယောက်အနည်းဆုံးရှိတယ်။ အမည်သိတာကတော့ ကိုချက်ဖောင်း၊ ကိုမင်းထိုက်၊ ကိုကျော်ကျော်၊ ကိုသန်းဇော်ဦးတို့ပဲ သိတယ် ” ဟု ဆီဆုံကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ဆီဆုံကုန်းကျေးရွာသည် အိမ်ခြေ ၆၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀နီးပါးရှိသည့် တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်ကာ ယမန်နှစ်(၂၀၂၄ခုနှစ်) ဒီဇင်ဘာလတွင် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာအတွင်း ဝင်ရောကတပ်စွဲမှုကြောင့် ရွာသူ၊ ရွာသားများ တိမ်းရှောင်ခဲ့ရသည်။
၂၀၂၅နှစ်ဆန်းပိုင်းတွင် အဆိုပါကျေးရွာမှ စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ရွာခံ အချို့သည် ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်ရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးမှုနှင့် ထပ်မံ ကြုံတွေ့ပြီးနောက် ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆီဆုံကုန်းကျေးရွာ၌ ထပ်မံတပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမှုများ ပြုလုပ်နေကြောင်း အဆိုပါကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ ရွာသားတွေ အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကို စစ်သားတွေလိုက်ခိုးပြီး ကားတွေနဲ့ သယ်ထုတ်နေတယ်။ ရွာမှာလည်း ဘာတွေဖြစ်နေလည်းဆိုပြီး ပြန်မကြည့်ရဲဘူး။ တောထဲမှာဘဲ စစ်ရှောင်နေရတာ၊ အခုသတ်ခံလိုက်ရတဲ့သူတွေကလည်း အိမ်စောင့်ကျန်ခဲ့တဲ့သူတွေ၊ အိမ်အခြေအနေ ပြန်ကြည့်တဲ့သူတွေပါ ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ဆီဆုံကုန်းကျေးရွာသို့ စစ်ကြောင်းထိုးသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး စစ်ကြောင်းမထိုးခင်ကလည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးများ မကြာခဏ ပြုလုပ်မှုများရှိခဲ့ကြောင်း နတ်တလင်းမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ ဒီဇင်ဘာ နှစ်ရက်လောက်က စစ်တပ် လက်နက်ကြီးထုလို့ အမျိုးသမီးတစ်ယောက်သေတယ်။ ဒဏ်ရာရတာလည်း ခုနှစ်ယောက်လောက်ရှိတယ်လို့ ကြားတယ်။ စစ်ကြောင်းမထိုးခင် ဇန်နဝါရီ ၁၄ရက်ကလည်း လက်နက်ကြီးနဲ့ ထပ်ပစ်လို့ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဒဏ်ရာထပ်ရသွားတယ်။ အဲ့ဒီရွာကို တော်လှန်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိလို့ ထောက်ပံ့ပေးနေလို့ဆိုပြီး စစ်တပ်က အငြိုးထားနေတာ ” နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်ကလည်း နတ်တလင်းမြို့နယ်၊ ဘန့်ဘွေးကုန်းရွာနှင့်လယ်မအင်းရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့သေးကြောင်း ဘန့်ဘွေးကုန်းရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အိမ်တွေဘယ်နှစ်လုံးပါသွားလည်းတော့သေချာမသိရဘူး။ ပြန်မကြည့်ရဲလို့ မကြည့်ရဘူး။ မီးခိုးတွေတော့ ရွာကနေထွက်နေတာမြင်ရတယ်။ အိမ်ပြန်ကြည့်ချင်နေပြီ၊ စစ်သားတွေရွာထဲဝင်လာတော့ ဘာမှယူမလာရဘဲ ကိုယ်လွယ်ရုန်းပြေးလာရတာ ” ဟု ၎င်းက ပြောသည်။
လက်ရှိ ဆီဆုံကုန်းကျေးရွာ ဒေသခံများသည် စစ်ဘေးရှောင်နေရသည်မှာ တစ်လကျော်ရှိနေပြီဖြစ်ပြီး တောထဲတွင် နေထိုင်နေရခြင်းကြောင့် စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ရကြောင်း စစ်ဘေးရှောင် ပြည်သူများက ဆိုသည်။
ယမန်နှစ် ဒီဇင်ဘာ ရှစ်ရက်နှင့် ကိုးရက်နေ့များတွင် ဆီဆုံကုန်းကျေးရွာအနီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးမှုများခဲ့ကြောင်းလည်း သိရသည်။