By Nway / MPA
ယခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၁၂၀ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမှာ အမည်နှင့်တကွ အတည်ပြုနိုင်သူ ၆၅ဦးနှင့် အတည်ပြုရန် လိုအပ်ဆဲ သေဆုံးသူ၅၈ဦးရှိကြောင်း AAPP ကယနေ့ (ဇန်နဝါရီ၂၀ရက်) ညနေပိုင်းတွင် ထုတ် ပြန်သည်။
“တိုက်တိုင်းရှုံးတပ်လို့ နာမည်ကြီးနေတဲ့ စစ်တပ်က သူ့မှာ အားသာတာက လက်နက်ကြီးနဲ့ပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာပဲဆိုတော့ အဲဒါကိုပဲ နင်းကန်လုပ်တော့တာကိုး။ပြီးတော့ အရပ်သားပစ် မှတ်တွေကိုလည်း အရပ်သားတွေမှန်းသိလျက်နဲ့ ပစ်နေတော့ ပြည်သူသေဆုံးမှုက ပိုများလာတာ။ ပြည်သူတွေဆီကို ဗုံးမိုးဘယ်လောက်ရွာရွာ နိုင်ငံတကာကလည်း ဘာမှမပြောဘူးလေ”ဟု ရန်ကုန်အ ခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ဇန်နဝါရီ ၁၈ ရက်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျောင်းကုန်းကျေးရွာနှင့် သံပုရာခြံကျေးရွာတို့ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း AAPP က ဆိုသည်။
ယင်းနေ့၌ပင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတစ်ဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင် များထားရှိသည့်နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၇ရက်ကလည်း စစ်တပ်နှင့် AA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့သောကြောင့် အိမ်ခြေ ၂၀၀ ကျော်သည့် ဘောမိကျေးရွာ တစ်ရွာလုံးနီးပါး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၆ရက်က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား ၁၀ ဦးကျော်အား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။