By Nway / MPA
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ၂၁) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ အရာရှိနှစ်ဦးအပါအဝင် စစ်သား ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ရက်၊ ညနေပိုင်းတွင် ကပစ ၂၁ကို ၁၀၇ မမ ရှော့တိုက်ဒုံး ရှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ရာခုနှစ် လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ကပစအတွင်းရှိ စက်ရုံ သုံးခု ပြိုကျပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ ( ဇန်နဝါရီ ၂၀ရက် ) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
” မြေပြင်မှာက စုံစမ်းသိရှိရတာထက် ပိုထိခိုက်မှုကြီးတယ်လို့သိရပါတယ်။ ကိန်းဂဏန်းအချက်အ လက်အရ တိတိကျကျက ဒီလောက်ပဲ အတည်ပြုနိုင်လို့ပါ။ ထပ်ဆင့်ပေါက်ကွဲမှုတွေ အတော်များခဲ့ တယ်လို့ သိရပါတယ်” ဟု BWM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
စစ်သား ရှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး မည်သည့်နေရာ၌ ဆေးဝါးကုသပေးနေသလဲဆိုသည်ကို မသိကြောင်း ၎င်းကပြောသည်။
ပြိုကျပျက်စီးခဲ့သည့် စက်ရုံများမှာ စက်ရုံ အမှတ် ၁၀၆၊ စက်ရုံ အမှတ် ၁၀၉နှင့် စက်ရုံ အမှတ် ၂၀၁ တို့ဖြစ်ပြီး ထုတ်လုပ်ပြီးသော ဗုံးသီးများ ယာယီသိုလှောင်ထားသည့် Technical store တစ်ခု ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမ်းချက်ဂိုထောင်လည်း မီးလောင်ခဲ့ပြီး အချိန်အတော်ကြာ ငြှိမ်းမရဘဲ ကြာမြင့်စွာ မီးလောင်နေခဲ့ကြောင်း BWM က ထုတ်ပြန်သည်။
ကပစ ၂၁ တွင် ပေါင် ၂၅၀ဗုံးသီး၊ ပေါင် ၅၀၀ ဗုံးသီး၊ Cluster ဗုံးသီးများ အပါအဝင် တိုက်လေယာဥ်သုံး ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်နေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagles) ၊ No More Dictatorship-NMD ၊ Shadow (Mandalay)နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။