By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သားခြောက်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် နမခကို ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတိုင်းမှူး အဆောင် ရှော့တိုက်ဒုံးထိမှန်၍ ပြိုကျပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၅ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ တပ်ကြပ်ကြီး တစ်ဦးအပါအဝင် သုံးဦးလည်း ထိခိုက်ဒဏ်ရာရပြီး အရေးပေါ်ကြပ်မတ်ဆောင်တင်ထားရတယ်လို့ ကနဦးစုံစမ်းသိရတယ်” ဟု BWM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
နောက်ထပ်အပျက်အစီးများကို ဆက်လက် စုံစမ်းနေကြောင်း ၎င်းကပြောသည်။
နမခ သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသော စစ်ဌာနချုပ်ဖြစ်ပြီး ယင်းဒေသများရှိ တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသော အတားအဆီးဖြစ်ကြောင်း BWM က ဆိုသည်။
ယင်းဒေသများကို တော်လှန်ရေးအရှိန် ယုတ်လျော့စေရန်နှင့် ပြည်သူကို ညှင်းပန်းနှိပ်စက်ရန် အဓိက ကြိုးကိုင်ခြယ်လှယ်နေသော စစ်ဌာနချုပ်ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုမစ်ရှင်သည် BWM အဖွဲ့၏ အကြိမ် ၃၀ မြောက်ဖြစ်ပြီး BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Shadow (မုံရွာ)၊ Anonymous Heroes၊ Chindwin Fighters၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ်နှင့် Democratic Rangers အဖွဲ့တို့ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။