By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရိက္ခာတင်ယာဉ်တစ်စီး သဲထဲနစ်နေစဉ် PDFတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သားများ ကားကို မီးရှို့ကာ ထွက်ပြေးသွားကြောင်းသိရသည်။
ဇန်နဝါရီရှစ်ရက် နေ့ခင်းပိုင်းတွင် ပခုက္ကူတပ်မ ၁၀၁မှ ထွက်လာသည့် အင်အား ၂၅၀ဝန်းကျင်နှင့် ရိက္ခာကား ၂၆စီးထဲမှ တစ်စီး သဲထဲနစ်နေစဉ် ပခုက္ကူ-မြိုင် လမ်းဘေးတစ်နေရာ၌ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း Pakokku Special Task Force ထံက သိရသည်။
“ ကားက ချောင်းသဲ နစ်နေတဲ့ အချိန်မှာ ကျတော်တို့ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ” ဟု Pakokku Special Task Forceတာဝန်ခံ ရဲဘော်ရန်နောင်က MPAသို့ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားများသည် ကားပေါ်မှ ရိက္ခာများကို သယ်ကာ ကားအား မီးရှို့သွားခဲ့သည်။
“ စကစ တပ်ဖွဲ့ဝင်များဟာ ချောင်းသဲနစ်နေတဲ့ ကားပေါ်က ရိက္ခာတွေကိုသယ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့ကားကို မီးရှို့ထွက်ပြေးသွားတာပါ။ တချို့ဆန်တွေဆို လမ်းတွေပေါ်မှာ မသယ်နိုင်ဘဲ လွှင့်ပစ်ခဲ့တာကိုလည်း တွေ့ရပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားများ ထိခိုက်သေဆုံးမှုကို မသိရသေးသလို သိမ်းဆည်းရမိသည့် ပစ္စည်းလည်းမရှိကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ စာပေကျေးရွာအနီး၌ ရှိနေပြီး မြိုင်မြို့သို့ဦးတည်နေကြောင်းသိရသည်။