By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ် ချေမှုန်းခံရပြီးနောက် ထွက်ပြေးသွားသည့် စစ်သားများကို PDF တို့ လိုက်လံရှာဖွေရှင်းလင်းနေကြောင်းသိရသည်။
ဇန်နဝါရီ ငါးရက်၊ နံနက် ခြောက်နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှ ထွက်လာသည့် အင်အား ၇၀ဝန်းကျင်ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာ၌ PDF တို့က တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ကျော်သေဆုံးပြီး သုံးဦးအရှင်ဖမ်းမိကာ ၃၀ကျော်ထွက်ပြေးလွတ်မြောက်သွားကြောင်း ရွှေဘိုခရိုင်အမှတ် ၁၈တပ်ရင်းထံက သိရသည်။
” စစ်ကြောင်းက အုန္နဲဘုတ်ရွာရဲ့ အရှေ့တောင်ဘက် တောထဲကို ဆုတ်ခွာထွက်ပြေးသွားတယ်။ လက်ရှိတော့ ရှိမ်းမကား(ရဲစခန်း) ဘက်ကို ဦးတည်နေတာဖြစ်တဲ့အတွက် သူတို့ ထွက်ခွာမယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ရှင်းလင်းနေပါတယ်။ လက်ရှိအထိတော့ သူတို့နဲ့ထိတွေ့မဖြစ်သေးဘူး။ လိုက်လံရှာဖွေနေပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၈တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး)က ယနေ့(ဇန်နဝါရီခြောက်ရက်)နေ့ခင်းတွင် MPAသို့ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၀ထက် မနည်းဗုံးကြဲသဖြင့် နေအိမ်သုံးလုံးပျက်စီးခဲ့ပြီး သေဆုံးသည့် စစ်သားအလောင်းများကို ကောက်ရိုးပုံထဲထည့်ကာ မီးရှို့သဖြင့် နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
” တိုက်ပွဲစဖြစ်ပြီး တစ်နာရီလောက်ကြာမှာ လေယာဉ်စလာတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအတွင်း PDFရဲဘော်ငါးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲ၌ MA 1 ငါးလက်၊ လက်ပစ်ဗုံးနှစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊မြင်းခွာနင်းမိုင်း လေးလုံး၊ ဒရုန်းဖြတ်စက် တစ်ခု ၊ ၆၀ မမဗုံးသီးသုံးလုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်၁၈တပ်ရင်း၊ တပ်ခွဲတစ် ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲနှစ် ProLife အဖွဲ့ ၊တပ်ခွဲသုံး ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲလေးဗိုလ်ကျားကြီးအဖွဲ့၊ ရွှေဘိုခရိုင်အမှတ် ၂၃တပ်ရင်း၊ ကြောင်လက်သည်းတပ်ဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။