By Nway / MPA
ပဲခူးတိုင်း၊ တောင်ငူလေတပ် (ကေတုမတီ) ကို သန်းခေါင်ယံအချိန်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၄ရက် ) သန်းခေါင်ယံအချိန်တွင် တောင်ငူလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂လုံး ဖြင့် ပစ်ခတ်ခဲ့ရာ ၁၀လုံး အောင်ခဲ့ကြောင်း Brave Warriors For Myanmar ( BWM ) က သတင်းထုတ်ပြန်သည်။
” ပစ်တာကတော့ တိုက်လေယာဥ်ထားသိုရုံတွေနဲ့ လေကြောင်းထိန်းမျှော်စင်တွေကိုပစ်မှတ်ထား တိုက်တာပါ။ထွက်တဲ့အလုံးအားလုံး တောင်ငူလေတပ်ထဲက ရည်ရွယ်ပစ်မှတ်တွေဆီထိမှန်ခဲ့ပါတယ်” ဟု BWM တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
BWM ၏ တိုက်ခိုက်မှုကြောင့် လေတပ်အတွင်း ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်သည်။
ယနေ့နံနက် သန်းခေါင်ယံ ၁၂နာရီ၅မိနစ်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ပြီး လေးမိနစ်အကြာနှင့် ၁၂နာရီ မိနစ်၂၀ ခန့်တွင် တောင်ငူလေတပ်မှ ၁၂၀မမ ဟု ယူဆရသော လက်နက်ကြီးနှစ်လုံး ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” သူတို့ ရမ်းသန်းပစ်တာပါ။ ဒါပေမယ့်၊ကျတော်တို့ အဖွဲ့ဝင်တွေအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် “ ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်ငူလေတပ်ကို ယခုတိုက်ခိုက်မှုမှာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး လွတ်လပ်ရေးနေ့တွင် ပြည်သူများ လွတ်မြောက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် မျှော်မှန်း၍ ယခုမစ်ရှင်အား ဖော်ဆောင်ရခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။
ယခုတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။