By Ko Paing / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာယာမြိုင်ကျေးရွာ(သပွတ်စု)အခြေစိုက် ပျူစောထီးများ PDF တို့၏ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းခံရပြီး ထွက်ပြေးသွားကြောင်း သိရသည်။
ဒီဇင်ဘာ ၃၁ ရက်၊ နံနက် ကိုးနာရီဝန်းကျင်တွင် တောင်သာမြို့နယ်၊သာယာမြိုင်ကျေးရွာ(သပွတ်စု) အရှေ့မြောက်အရပ်ရှိနေအိမ်၌ အင်အား ၁၀ဦးကျော်ဖြင့် တပ်စွဲထားစဥ် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျတော်တို့ ဝင်တိုက်ချိန် နည်းနည်းနောက်ကျသွားတော့ သူတို့ ပြေးချိန်ရသွားတာ။သူတို့က သပွတ်စု ပျူရွာခေါင်းဆောင် အောင်ထွန်းဦး အပါအဝင် ၁၁ ဦးလောက်ရှိတယ်။ကျတော်တို့က သိပ်မပစ်လိုက်ရဘူး” ဟု တောင်သာမြို့နယ်ပကဖ အနောက်ခြမ်း၊ စစ်ရေး တာဝန်ခံ ဖားကြီး ကMPAသို့ ပြောသည်။
ယင်း ပျူစောထီးများသည် ဝဲလောင်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းနှင့်ထနောင်းကုန်း ပျူစောထီးရွာသို့ ထွက်ပြေးသွားကြောင်းသိရသည်။
ယင်းစခန်းကိုနယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် စစ်ယူနီဖောင်း ၃၄ စုံနှင့်အသုံးအဆောင်အချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပကဖ၊ Burmese Guerrilla Force-Myingyan (BGF)၊ညောင်ဦးခရိုင်တပ်ရင်းငါး၊ညောင်ဦးပကဖနှင့်PLA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။