By Nway / MPA
မကွေးတိုင်း၊ ကံမမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကားကို PDF တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၉ရက်၊ နံနက်ခြောက်နာရီခွဲခန့်တွင် စစ်သားများ လိုက်ပါလာသောအဖြူရောင် Light Truck ကားသည် ကံမမြို့မှ ကံမ – ပြကြီး လမ်းပိုင်းအတိုင်း ထွက်ခွာလာရာ ကျောက်မဲ နှင့် ဖရုံလှကျေးရွာကြားအရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သရက်ခရိုင် အမှတ် လေးတပ်ရင်းက ယနေ့ ( ဒီဇင်ဘာ ၃၀ ရက် ) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
” မိုင်းက ရှေ့ထွက်လေးလုံး၊ ကွဲမိုင်း သုံးလုံးနဲ့ ခုနှစ်လုံးကို တစ်ချိန်တည်းဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ ကံမ – ပြကြီးလမ်းပိုင်းဆိုတာက ကံမမြို့နယ်နဲ့ ပုသိမ် – မုံရွာလမ်းပိုင်းကို ဆက်ထားတဲ့လမ်းပါ ” ဟု သရက်ခရိုင် အမှတ်လေးတပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA ကို ပြောသည်။
ယင်းကားပေါ်တွင် စစ်သား ၁၅ဦး လိုက်ပါလာပြီး ဒဏ်ရာရသူများအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
” ဒဏ်ရာရသူတွေကို ကံမနဲ့ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ဥသျှစ်ပင်ဆေးရုံမှာ ပို့ထားတယ်လို့သိရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်သားများထိခိုက်၊သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ဒီဇင်ဘာ ၂၇ရက် ညပိုင်းကလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲရန် ကူညီနေသူ ကံမမြို့နယ် ၊ ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ကို သရက်ခရိုင်အမှတ်လေးတပ်ရင်း၊ တပ်ခွဲ နှစ်က ၎င်း၏နေအိမ်ထဲ ဝင်ဖမ်းကာ ရွာပြင်ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။