By Ko Paing / MPA
စစ်ကိုင်းမြို့ပေါ်ရှိ ရဲတပ်ကြပ်ကြီးတစ်ဦးကို ၎င်း၏နေအိမ်အတွင်းသို့ ဝင်ကာဖမ်းဆီးခဲ့ကြောင်း ရတနာပုံတပ်ဦးက ယနေ့(ဒီဇင်ဘာကိုးရက်) သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာရှစ်ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုအတွင်းသို့ ထိုး ဖောက်ဝင်ရောက်ကာ အမှတ်သုံး ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင် ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျတော်တို့ သတင်းအရ ဝင်ရောက်ဖမ်းတာ။စစ်ခွေး ကင်းပတ်နေကြားက သူ့အိမ်ကို ဝင်ဖမ်းခဲ့တာပါ။သူ့အိမ်မှာ မိသားစုဝင်တွေရှိပေမဲ့ ကျတော်တို့ ဘာမှမလုပ်ခဲ့ဘူး။ရဲတပ်ကြပ်ကြီးကို ပဲ ဖမ်းခေါ်လာခဲ့တာပါ။သူ့ကို ဆက်လက်ထိန်းသိမ်းထားပါတယ်”ဟု ရတနာပုံတပ်ဦး တာဝန်ခံ ကိုကီရီ က MPAသို့ ပြောသည်။
ဖမ်းဆီးမိသည့် ရဲတပ်ကြပ်ကြီးထံမှ လက်ပစ်ဗုံးတစ်လုံး ၊ လက်ထိပ် တစ်ခု၊ကျည်ဆန်အချို့နှင့် အခြားအသုံးအဆောင်တို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အချိန်ယူပြင်ဆင်ပြီးမှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် PDFရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ဖမ်းဆီးမှုကို Brave Revolution Force – B.R.F ၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နှင့် မဟာမိတ်အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။