By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက်တွင် ပျူစောထီးစစ်ကြောင်း မိုင်းဆွဲခံရပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ရှစ်ရက်၊မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် ရွှေဘိုမြို့၊ ပန်းရံ၊ ဇီးကုန်းလေးနှင့် ဇီးဖြူကုန်းတို့မှ ပျူစောထီး စုစုပေါင်း အင်အား ၇၀ကျော်ပါ စစ်ကြောင်းကို မြို့အထွက် ရွှေဘို-ရေဦးလမ်းပိုင်း၌ မိုင်းနှစ်လုံးဆွဲခဲ့ကြောင်း ရွှေဘိုမြို့နယ်ပကဖထံက သိရသည်။
” ပျူတွေတက်လာတာ။ ပျူကားတက်လာတာ။ ဘယ်သူတွေပါတယ်ဆိုတာ လမ်းကအထောက်တွေကပြောတယ်။ ကားနဲ့ထွက်ပြီး ဇီးကုန်းလေးမှာချတယ်။ ပြီးရင် ခြေလျင်ထွက်တယ်။ ဇီးကုန်းလေးက မြို့ထဲဝင်တဲ့နေရာနဲ့ အနီးဆုံးကိုး။ ကျတော်တို့ဆွဲတာက နှစ်လုံး။ တိုက်မိုင်းနှစ်လုံးမိတယ်” ဟု ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူများထဲတွင် ပန်းရံပျူစောထီးခေါင်းဆောင် အောင်ကျော်လည်း ပါဝင်ကြောင်းသိရသည်။
” အောင်ကျော်ခြေထောက်ထိပြီး ရွှေဘိုမြို့ပေါ်မှာ ဆေးကုသမှုခံနေရတယ်။ ရွှေဘိုဆေးရုံဖြစ်မလား။ ပုဂ္ဂလိကဆေးရုံဖြစ်မလားမသိဘူး။ တစ်ယောက်ကတော့ အဲ့နားမှာသေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသွားသည့် ပျူစောထီးအလောင်းကို ဒီဇင်ဘာရှစ်ရက်၊ ညနေ ငါးနာရီဝန်းကျင်တွင် ရွှေဘို-ရေဦးလမ်းဘေးရှိ သပြေသာရွာမှ နေအိမ်ထဲထည့်ကာ မီးရှို့သွားကြောင်း သိရသည်။
” အလောင်းကို အိမ်ထဲထည့်ရှို့တာ။ ဟိုး…ရွာထဲထိရှို့တာမဟုတ်ဘူး။ ပေလမ်းဘေးက ကပ်လျက်အိမ်တွေကို ရှို့တာ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့(ဒီဇင်ဘာကိုးရက်) နံနက် ၁၀နာရီခွဲခန့်အထိ သပြေသာရွာထဲ၌ ရှိနေပြီး နံနက်အစောပိုင်းက ရွာကို ထပ်မံမီးရှို့ကာ ရွာထဲရှိ ပစ္စည်းများအား ထော်လာဂျီဖြင့်သယ်ယူခဲ့ကြောင်း သိရသည်။
ပျူစောထီးများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။