By Ko Paing / MPA
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီဆိုင်ကယ်တန်းကို သတင်းအရ စောင့်ဆိုင်း ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးနှင့် တပ်ကြပ်သေဆုံးသွားကြောင်း သိရသည်။
ခမရ – ၆ မှထွက်ခွာလာသည့် စစ်ကောင်စီဆိုင်ကယ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီးသိန်းဝင်းနှင့်တပ်ကြပ်တင်အောင်တို့ သေဆုံးပြီး လက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ယနေ့ (ဒီဇင်ဘာလေးရက်) နံနက် ကိုးနာရီဝန်းကျင်တွင် အုတ်ဖိုမြို့နယ်၊တိမ်မြုပ်ရွာရှိ ခမရခြောက် တပ်ရင်းမှ ဆိုင်ကယ် လေးစီးဖြင့် ထွက်လာသော စစ်သားရှစ်ဦးကို တပ်တွင်းသတင်းပေးမှုအရ အုတ်ဖိုမြို့ပေါ်အသွား လမ်းမပေါ်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗိုလ်ကြီးသိန်းဝင်းနှင့်တပ်ကြပ်တင်အောင်တို့ သေဆုံးကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က သတင်းထုတ်ပြန်သည်။
“တိမ်မြုပ်တပ်(ခမရ-၆)ကနေ တပ်ပြေးစာရင်းတင်ဖို့ အုတ်ဖိုမြို့ပေါ်ကို သွားတဲ့ ဆိုင်ကယ်ယာဥ်တန်းကို ကျတော်တို့ ဖရဲသီးသတင်းအရ စောင့်ပြီးပစ်တာပါ။ ရှေ့ဆုံးက မောင်းတဲ့ ဗိုလ်ကြီးသိန်းဝင်းနဲ့တပ်ကြပ် တင်အောင်တို့ သေတယ်။ကျတော်တို့ အင်အားများတယ်ထင်ပြီး ကျန်တဲ့ ဆိုင်ကယ် သုံးစီးက တပ်ထဲကို ပြန်မောင်းပြေးသွားတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ ပြန်ကြားရေးတာဝန်ခံ အောင်ဇေယျက MPAသို့ ပြောသည်။
ယင်းပစ်ခတ်မှုအပြီးတွင် MA3 သေနတ် တစ်လက်၊ကျည်ဘောက် နှစ်ခု၊ကျည် ၄၉တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊လက်ကိုင်ဖုန်း နှစ်လုံး၊ကျောပိုးအိတ် တစ်လုံး၊မှတ်ပုံတင် တစ်ခု၊ငွေသား ကျပ်လေးသောင်းနှင့် ခမရခြောက်တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
“တပ်ထဲကနေလည်း မလိုက်ဘူးဗျ။ကျတော်တို့ကလည်း သတင်းရထားတော့ လူအင်အားနည်း တဲ့အချိန်လုပ်ရတာ။ခဏကြာတော့ အလောင်းတွေကို ကားနဲ့လာပြီး တပ်ထဲသယ်သွားတယ်လို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစစ်ဆင်ရေး လုပ်ဆောင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်း ဖရဲသီးအား လေးစားစွာမှတ်တမ်းတင်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က ဖော်ပြသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။