By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရွာနှစ်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးအလုံး၄၀ နီးပါး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ သုံးရက်၊ ည၁၀နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာကို Y-12လေယာဉ်ဖြင့် ဗုံးသီး ၂၀ကျော်နှင့် သူဌေးကုန်းရွာတောရိုးထဲသို့ ၁၆လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။
“ မြေးအဘွားနှစ်ယောက်က ဗုံးခိုကျင်းထဲဝင်နေတာ။ ဗုံးသီးကျတာ ဗုံးခိုကျင်းနဲ့ ၁၀ပေလောက်ဝေးတာကို ယမ်းစော်တွေနံလို့ထပြေးတာတဲ့။ ဗုံးခိုကျင်းထဲမှာ မိန်းမကြီးတစ်ယောက်ကျန်နေခဲ့တာ အဲ့မိန်းမကြီးက ဘာမှမဖြစ်ဘူး” ဟု နွားထိုးကြီးမြို့နယ်၊ တောင်ဘက်ခြမ်းနေ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
ယမ်းနံ့နံသဖြင့် ဗုံးခိုကျင်းထဲမှ အပြင်ဘက်သို့ ထွက်ပြေးသည့် ကွမ်းအုံရွာမှ အသက် ၁၁နှစ်အရွယ်ကလေး(ကျား)နှင့် အသက် ၆၅နှစ်အရွယ်အဘွားဖြစ်သူတို့ ဗုံးထိမှန်သေဆုံးခဲ့ပြီး အသက် ၅၀ဝန်းကျင်အမျိုးသားငါးဦးနှင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိကာ သူဌေးကုန်းရွာ ထန်းတဲနေ လင်မယားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ ကလေးက ဦးနှောက်ကိုထွက်သွားတာ။ ညတွင်းချင်းသင်္ဂြိုဟ်ပေးရတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နွားငါးကောင်သေဆုံးပြီး နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။