By Nway / MPA
ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး ) ထိန်းချုပ်ထားသည့် မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း လမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် သွားလာခွင့် ယာယီကန့်သတ်လိုက်ကြောင်း MDY PDF က ယနေ့ ( နိုဝင်ဘာ ၂၅ ရက် ) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း လမ်းပိုင်းကို နိုဝင်ဘာ ၂၆ရက်မှ စတင်ကာ သွားလာခွင့်ကန့် သတ်လိုက် ခြင်းဖြစ်ပြီး နောက်ထပ်တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မပြုသည့်အချိန်အထိ ယခုထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
” မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း လမ်းပိုင်းတစ်လျှောက်မှာပေါ့။ အထူးသဖြင့် မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ပြန်ဖြစ်ပွားနေလို့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအရ ကန့်သတ်တာပါ ” ဟု MDY – PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPAသို့ပြောသည်။
ယင်းမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ရက်ခန့်ရှိပြီဖြစ်ပြီး လက်ရှိ တိုက်ပွဲအခြေအနေ အသေးစိတ်ကို ကိုအော်စမွန်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
နိုဝင်ဘာ ၁၆ရက်၊ နံနက် သုံးနာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၈နာရီကျော်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တွင်းငယ်ရွာအနီးရှိ ရေညာဦးနှင့် ကျောက်ဖြူရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရေညာဦးရွာမှ အသက်၆နှစ်အရွယ် ကလေးငယ်နှင့် ၎င်း၏ မိခင်တို့ သေဆုံးခဲ့ကာ ကျောက်ဖြူရွာမှ ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့သေးသည်။