By Garcia Ni / MPA
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများပေးနေရသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ Missile ဒုန်း လက်နက်ကြီးများဖြင့်ပင် ပစ်ကူပေးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ခု၊ နိုဝင်ဘာ ကိုးရက်နေ့ကစတင်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့အမြောက်တပ်မှ နိုဝင်ဘာ ကိုးရက်ညနေပိုင်းမှစတင်ကာ ဖလမ်းမြို့သို့ Missileဒုန်းများ ပစ်ခတ်အကူအညီပေးနေခြင်းဖြစ်သည်။
“ ပွဲစတဲ့ညနေပိုင်းကတည်းကလို့ပြောရမယ်။ ၁၀ရက်နေ့ကတော့ တနေကုန်နီးပါးပစ်တယ်။ နောက်နေ့တွေလည်း ပစ်ကူပေးတယ်။ များလွန်းလို့ ဘယ်လောက်ပစ်မှန်းတော့မသိဘူး။ (ကလေး)မြို့တွင်းရပ်ကွက်တွေထဲတောင် မစ်ဇိုင်းအခွံတွေပြုတ်ကျလို့ တချို့နေအိမ်တွေထိခိုက်တာရှိတယ်လို့သိရတယ်” ဟု ကလေးမြို့နယ်တောင်ပိုင်းဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPAကိုပြောသည်။
ဖလမ်းမြို့သည် ကလေးမြို့၏အနောက်တောင်ပိုင်းတွင် တည်ရှိပြီး ကုန်းလမ်းအားဖြင့် မိုင်ခုနစ်ဆယ်ကျော်အကွာအဝေးတွင် တည်ရှိကြောင်းသိရသည်။
တိုက်ပွဲအတွင်း ဖလမ်းမြို့တွင်း စစ်ကောင်စီအထိုင်ချနေရာအများအပြားကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသော်လည်း စစ်ရေးတင်းမာနေသည့်အခြေအနေဖြစ်သောကြောင့် တစ်စုံတစ်ရာပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ဖလမ်းအခြေစိုက် CNO/CNDF၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက MPAကိုပြောသည်။
“ စစ်ကောင်စီဘက်က အလံဖြူထောင်လက်နက်ချတာတွေလည်းရှိတယ်လို့သိရတယ်။ ကိုယ့်ဘက်ကလည်း အကျအဆုံးတော့ရှိတယ်လို့သိရတယ်။ ဒါပေမဲ့ စစ်ရေးဆိုတော့ ဘာမှပြောလို့မရသေးဘူး” ဟု စစ်ရေးနှင့်နီးစပ်သည့် ဖလမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ဖလမ်းမြို့ပေါ်နှင့် အနီးကျေးရွာများရှိ ဒေသခံပြည်သူများအနေဖြင့် ကာကွယ်ရေးရဲဘော်များ၏ ကြိုတင်သတိပေးမှုများကြောင့် တိုက်ပွဲမဖြစ်ပွားမီကတည်းက ဘေးလွတ်ရာသို့ အများအပြားရှောင်တိမ်းနိုင်ခဲ့ကြောင်း သိရသည်။
“ သူတို့(စစ်ရှောင်များ) အဓိကလိုအပ်တာကတော့ စားရေးသောက်ရေးပေါ့။ စားရေးသောက်ရေးဆိုတာမှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အဲ့ဒါမျိုးအဓိက၊ အနွေးထည်ပိုင်းတွေကတော့ တတ်နိုင်သလောက်အားလုံးသယ်နိုင်ကြတယ်။ ကုန်စျေးနှုန်းတွေကလည်း စျေးကြီးတော့လေ။ ကလေးဘက်ကလည်း လမ်းတွေပိတ်ထားတယ်။ အရင်က ဟားခါးဘက်ကအဓိကဝင်တာ။ ဟားခါးဘက်ကလည်း ဖလမ်းမစခင်ကတည်းကတိုက်ပွဲဖြစ်နေတော့ မဝင်တော့ဘူးလေ” ဟု ဖလမ်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများကြောင့် ဖလမ်းမြို့အတွင်းသို့ ယာဥ်ကြီး၊ ယာဥ်ငယ်အားလုံး ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန်ကိုလည်း Falam Regional Committeက နိုဝင်ဘာ၁၃ရက်တွင် တားမြစ်ထုတ်ပြန်ထားသည်။
ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့် ဖလမ်းမြို့သိမ်းတိုက်ပွဲအပြင် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင်လည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိပြီး မြို့မကျရေး စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြားအသုံးပြုလျက် ခုခံကာကွယ်နေရသည်။