By Nway / MPA
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ ၁၂ မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် တစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ပြောသည်။
နိုဝင်ဘာကိုးရက်၊ နံနက်ပိုင်းတွင် တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာ၌ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ကျင်းပစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“TNLAဆိုတာ ကျတော်တို့ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပါ။ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေ၊ဂိုဏ်းစတားဆန်ဆန် ခြိမ်းခြောက်မှုတွေနဲ့ ကြုံခဲ့ရပေမဲ့ TNLA ဟာ တစ်ချက်ကလေးတောင် တွန့်မသွားဘဲ စစ်တပ်ကို ဆက်တိုက်နေတဲ့အပေါ် ကျတော်တို့အား လုံးက အလေးပြုရပါတယ်” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
TNLA ၏အမျိုးသားအထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ် တားနော်ရိူန်းက မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်းလည်း ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLAသည် ကျောက်မဲ၊သီပေါနောင်ချို၊ မိုးမိတ်၊မိုးကုတ်၊ နမ့်ဆန်၊ မိုင်းလုံ၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊မိုင်းငေါ့နှင့် နမ့်ခမ်းမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
TNLA ၏အမျိုးသားအထူးတိုက်ခိုက်ရေးသင်တန်းကို အမှတ်စဥ်ကနှင့် ခ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကာလမှာ သုံးလကျော် ကြာမြင့်ခဲ့ပြီး သင်တန်းသား စုစုပေါင်း ၁၀၀၀ကျော် တက်ရောက်ပြီးမြောက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန် သည်။
ထို့အပြင် နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းကလည်း အမျိုးသမီး စစ်သင်တန်းအမှတ်စဥ်(၆၆) (ဂ) သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ သင်တန်းသူ ၂၀၀ခန့် တက်ရောက်ခဲ့သည်။
သင်တန်းဆင်း အမျိုးသမီးစစ်မေများကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးတို့တွင် အသီးသီးတာဝန်ခွဲဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ မေလတွင်လည်း TNLAက အခြေခံ စစ်သင်တန်းအပတ်စဥ်၆၅ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/သား ၁၀၀၀ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။