By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံစည်ကြီးရဲစခန်းကို PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးကြောင်းသိရသည်။
နိုဝင်ဘာ ၁၁ရက်၊ နံနက် ငါးနာရီခန့်တွင် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရဲအင်အား ၂၀ဝန်းကျင်ရှိ ရုံစည်ကြီးရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းတို့ဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ်ပကဖထံက သိရသည်။
“ တိုက်ပွဲက သိပ်မကြာပါဘူး။ အဆောက်အအုံတော်တော်များများတော့ ဖျက်ဆီးနိုင်ခဲ့တယ်” ဟု တောင်သာမြို့နယ်ပကဖ၊ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ရုံစည်ကြီးရဲစခန်းသည် ပြည်သူဈေးဆိုင်များနှင့် နီးကပ်သဖြင့် စခန်းသိမ်းနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းကပြောသည်။
“ ပြည်သူ့ဈေးဆိုင်နဲ့လည်းနီးတော့ ပြည်သူကို ညှာတော့ စခန်းတော့သိမ်းနိုင်ခြင်းမရှိဘူး” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ရဲ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Myingyan Disctric Drone Strike၊ နေပြည်တော်၈၀၁တပ်ရင်း၊ မိတ္ထီလာပကဖ၊ စဥ့်ကိုင်ပကဖ၊ ကျောက်ပန်းတောင်းပကဖ၊ တောင်သာပလဖနှင့် ညောင်ဦးခရိုင်တပ်ရင်းတစ် တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ရဲများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။



