By Nway / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သားများ အထိအခိုက်များပြားကာ ကြောင်း သိရသည်။
ယနေ့ ( နိုဝင်ဘာ၁၂ရက် ) နံနက် ငါးနာရီခန့်မှစ၍ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger ( MBT )တပ်ဖွဲ့ထံက သိရသည်။
“ ဒီနေ့ မနက်အစောကြီး ဒရုန်းနဲ့လည်း ကြဲတယ်။ မြေပြင် စစ်ကြောင်းလည်း ထိုးလာတာပါ။ သူတို့ဘက်က အသေအဆုံးများပြီး ကားနဲ့သယ်သွားတာလည်း ရှိတယ်။ အလောင်းတွေကျန်ခဲ့တာ လည်း ရှိတယ်” ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA ကို ပြောသည်။
ယနေ့ ညနေ ငါးနာရီခွဲအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
နိုဝင်ဘာ ၁၁ရက် ညပိုင်းတွင် ကွမ်းစိုက်ရွာနှင့် ကပ်လျက်ရွာဖြစ်သည့် ကူရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးအလုံး၆၀ခန့် ကြဲချ တိုက်ခိုက်ခဲ့သေးသည်။
ကွမ်းစိုက်ရွာသည် မြင်းခြံမြို့၏ တောင်ဘက်အထွက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။