By Ra Wai / MPA
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉နှင့် ကပစတပ်တို့ ဒရုန်းနှင့် ဗုံးကြဲခံရပြီးနောက် မြို့ကိုပိတ်ဆို့စစ်ဆေးနေကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၁၁ရက်) နံနက် လေးနာရီခွဲဝန်းကျင်က မိတ္ထီလာ ရှမ်းတဲလေတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉နှင့် ကပစတို့ကို PDF တို့က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံPDFရဲဘော်တစ်ဦးထံက သိရသည်။
“ တပ်မိသားစုတွေ
အကုန်လုံးလည်း ရှစ်နာရီ ကျော်ကျော်လောက်ထိ ကတုတ်ကျင်းထဲက မထွက်ရဘူးလို့ သိရတယ်။ မိုးလင်းကတည်းကလည်း တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေတယ်။ မြို့အဝင်အထွက် အကုန်ပဲ။ ကင်းထောက်ဒရုန်းတွေပတ်ဝဲနေတယ် ” ဟု ၎င်းက ယနေ့၊နေ့ခင်းပိုင်းတွင် MPA သို့ပြောသည်။
မြို့ကိုပိတ်ဆို့ စစ်ဆေးနေသော်လည်း ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မကြားရသေးကြောင်း သိရသည်။
” ဒီလိုမျိုးတွေဖြစ်ရင် နိုင်ငံရေးလုပ်ဖူးတဲ့သူတွေကို ဖမ်းချင်တဲ့ ပုံစံမျိုးတွေရှိတယ်။ ခုထိတော့ အဖမ်းခံရတာမျိုးတွေမကြားရသေးဘူး” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက စာသင်ကျောင်းများပိတ်ရန်လည်း ညွှန်ကြားထားပြီး ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားကြောင်း ၎င်းကပြောသည်။
” ဒီအတိုင်းပဲထုတ်တာ။ ဘယ်နေ့ထိဆိုတာမျိုးမသိရဘူး။ ကျောင်းတွေလည်း ပိတ်ထားခိုင်းနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ခိုက်ခံနေရစဉ်အတွင်း မြို့ထဲမှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ထားခြင်းမရှိသေးပေ။
မိတ္ထီလာမြို့ရှိ စစ်ဘက်၊ အရပ်ဘက် အဆောက်အအုံများ ဒရုန်း ၁၃စင်းဖြင့် တိုက်ခိုက်ခံရပြီး အဆောက်အအုံ၊ လူနှင့် အရာဝတ္ထုများထိခိုက်ပျက်စီးမှုရှိကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာ People Media က ဖော်ပြသည်။