By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ ထွက်လာသည့် စစ်အုပ်စုဝင်များ မိုင်းဆွဲခံရပြီး ခြောက်ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာ ၁၁ရက်) နံနက် ရှစ်နာရီကျော်တွင် တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ လူချိန်းရန် ထွက်လာသည့် စစ်သားနှင့်ပျူစောထီး ၄၀ခန့်ကို လေးလုံးတွဲ ပဒေသာမိုင်းတစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chaung U People’s Defence Force (CHU PDF) က သတင်းထုတ်ပြန်သည်။
” တောပုနဲ့ ညောင်ဖြူပင်ကြားမှာဆွဲတာဗျ။ အနည်းအကျဉ်းတော့ပစ်တယ်ဗျ။ ဒါပေမဲ့၊ ကျတော်တို့က ခြုံခိုဆွဲတာဆိုတော့ ထိတွေ့မှုတော့မဖြစ်ဘူးဗျ” ဟု Chaung U People’s Defence Force (CHU PDF)၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ခြောက်ဦးမှာ နေရာ၌ ပွဲချင်းပြီးသေဆုံးခြင်းဖြစ်ပြီး ခုနှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ တောပုပျူရွာထဲသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
” အထိနာသွားတော့ လောလောဆယ်တော့ ဘာမှလှုပ်ရှားမှုမရှိဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒဏ်ရာရရှိသူများကို တောပုပျူရွာမှ မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်သို့ ပို့ဆောင်ပြီး ယင်းဂိတ်မှတစ်ဆင့် အိမ်စီးကားငါးစီးဖြင့် မုံရွာမြို့ပေါ်သို့ ပို့ဆောင်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။