By Ko Paing/MPA
ရခိုင်ပြည်နယ်သို့ စစ်ကောင်စီတပ် စစ်ကူနှင့် ရိက္ခာပို့ရန် အရေးပါသည့် အမ်း-ပဒါန်းလမ်းပိုင်းကို တော်လှန်ရေးတပ်များ ထိန်းချုပ်ရန် ကြိုးစားနေကြောင်းသိရသည်။
အမ်း-ပဒါန်းလမ်းပေါ်တွင် ရခိုင်ပြည်နယ်သို့ စစ်ကူနှင့်ရိက္ခာပို့ဆောင်သည့် ယာဥ်တန်းကို လုံခြုံရေးပေးသည့် စစ်တပ် ကင်းစခန်းပေါင်း ၂၅ ခုခန့်ရှိကြောင်းသိရသည်။
“အဓိကတော့ အမ်း-ပဒါန်းလမ်းပိုင်းကို ကျတော်တို့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်။ အဲဒီကင်းစခန်းတွေက လမ်းကြောင်းတစ်လျှောက်မှာ ရှိနေတယ်ပေါ့ ။ဒီလမ်းကြောင်းကို ရန်သူက မသုံးနိုင်တော့ရင် ရန်သူရဲ့ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်သွားမယ်”ဟု People’s Revolution Alliance (PRA-Magway) စစ်ဦးစီးချုပ် ကိုနောင်သူရိန်က MPA သို့ပြောသည်။
နိုဝင်ဘာ ငါးရက်၊ နေ့ခင်း ၁၁နာရီဝန်းကျင်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁တို့တွင် အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူနေသော စစ်ကောင်စီကင်းစခန်းနှစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) အဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး အခြားကင်းစခန်းတစ်ခုမှ စစ်ကူလာကာ နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်းနှင့် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ဟောင်ဝှစ်ဇာဖြင့် ပစ်ကူပေးခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို People’s Revolution Alliance (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့် မင်းဘူးခရိုင်အမှတ်နှစ်တပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာန(နပခ)အပါအဝင် တပ်ရင်း၊တပ်စခန်း ၁၃ ခုအထိရှိပြီး ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ကျန်တပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေကြောင်းသိရသည်။