By Ko Paing / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာမှ ကင်းပတ်ထွက်လာသည့် ပျူစောထီးများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းသိရသည်။
ယနေ့(နိုဝင်ဘာခြောက်ရက်)နံနက် ကိုးနာရီဝန်းကျင်တွင် မြိုင်မြို့နယ်၊တွင်းမပျူစောထီးရွာမှ ကင်းပတ်ထွက်လာသည့် ပျူစောထီးများ၏ ရှေ့ပြေးကင်းပုန်း သုံးဦးကို ဒေသခံPDF တို့က စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း 8+အညာမြေတပ်ပေါင်းစုထံက သိရသည်။
“တွင်းမရွာကနေ ပျူစောထီးတွေ ကင်းပတ်ထွက်လာတာကို စောင့်ပြီး ပစ်တာပါ။တွင်းမရွာခေါင်း ရင်းဘက်မှာပါ။မျက်မြင်သေတာ သုံးယောက်ရှိတယ်။သေနတ်သုံးလက်ရတယ်။ပစ်ခတ်မှုကတော့ နာရီဝက်လောက်ပဲကြာတယ်။သူတို့ အင်အား ဘယ်လောက်ပါသလဲဆိုတာ မသိရဘူး။တောကောင်း နေတော့ မမြင်ရဘူး။ပျူ သုံးကောင်ကသာ ကင်းပုန်းအနေနဲ့ရှေ့ကထွက်လာလို့ ကျတော်တို့လှော်ထည့်လိုက်တာ။အလောင်းတွေတောင်မကောက်ဘူး။ပြန်ပြေးကုန်ကြတာ” ဟု 8+အညာမြေတပ်ပေါင်းစုမှ သတင်းတာဝန်ခံ ရဲဘော်ရှိုင်းက MPAသို့ ပြောသည်။
သေနတ်မှန်သေဆုံးသွားသည့် ပျူစောထီးတို့၏ အလောင်းများကို ယနေ့ညနေပိုင်းအထိ လာမ ကောက်သေးကြောင်း သိရသည်။
အလောင်းလာမကောက်သေးခြင်းနှင့် ပတ်သက်၍ “ထပ်အတိုက်ခံရမှာစိုးလို့ထင်တယ်။ထပ်လာရင် ထပ်ချဦးမှာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပျူစောထီးများထံမှ M-16 သေနတ်နှစ်လက်၊G-3 တစ်လက်၊လက်ကိုင်ဖုန်းတစ်လုံး၊စကားပြောစက် တစ်လုံးနှင့် ကျည်ဆန်များ သိမ်းဆည်းရမိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစုဖြစ်သည့် M.V.P Revolution Force၊ အလင်တန်းပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ UAV frighter၊ မဟူရာအလင်းတန်းပြောက်ကျား ၊Phoneix. People Diffence Force၊Scopion People Diffence Force ၊ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နှင့် ဇာမဏီဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပျူစောထီးများ သေဆုံးမှုကို MPAအနေနှင့် သီးခြား အတည်မပြုနိုင်ပေ။