By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သဖန်းသာရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ရွာသစ်ရွာ သို့ ဝင်ကာ စားနပ်ရိက္ခာများ လုယက်သွားကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာငါးရက်) နံနက် ကိုးနာရီခန့်တွင် ငါးဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် သဖန်းသာရွာကို အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး အိမ်ခြေမည်မျှ မီးလောင်ကျွမ်းသလဲဆိုသည်ကိုမူ မသိရသေးကြောင်း ဒေသတွင်းတော်လှန်ရေး ရဲဘော်တစ်ဦးထံက သိရသည်။
” ငါန်းမြာကြီးနဲ့ သဖန်းသာနဲ့ကပ်နေတာလေ။ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ ဒီအတိုင်းထွက်ရှို့တာ။ ပျက်စီးမှုအခြေအနေက မသိရသေးဘူး။ အဲ့နေရာက သူနဲ့ကိုယ်နဲ့ကြားထဲဆိုတော့ ကပ်မရသေးဘူး။ သူတို့(စစ်ကောင်စီ)ကလည်း ပိတ်ထားတာ” ဟု ၎င်းက MPA သို့ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် သဖန်းသာရွာကို မီးရှို့ပြီးနောက် ရွာသစ်ကျေးရွာ
သို့ဝင်ကာ ဘုန်းကြီးကျောင်းရှိ ပြည်သူများသိုလှောင်ထားသည့် စားနပ်ရိက္ခာများအား ယူဆောင်ပြီး ငါန်းမြာကြီးရွာထဲသို့ ပြန်ဝင်သွားကြောင်း သိရသည်။
” ရိက္ခာတွေအကုန်လုံး ထော်လာဂျီတို့ ဖောကားတို့နဲ့ တိုက်ယူသွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ငါန်းမြာကြီးရွာထဲတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ကြောင့် ငါန်းမြာကြီး၊ မိုးတောင်၊ ရွာသစ်နှင့် သဖန်းသာရွာတို့မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာအတွင်းရှိပစ္စည်းများကိုလည်း စစ်တပ်က သယ်ယူနေကြောင်း သိရသည်။
” ပြည်သူကတော့ မရှိတော့ဘူးပေါ့နော်။ တတ်နိုင်သလောက်တော့ ကျတော်တို့ထုတ်ပေးထားတာ ပေါ့။ အခုချိန်ထိ တပ်စွဲထားတာဆိုတော့ ရွာတွေက ပစ္စည်းတွေယူပြီး ဆုံပျူရွာကို ပို့လိုက်၊ ယူလိုက်လုပ်နေတာပဲ” ဟု ၎င်းက ပြောသည်။
ငါန်းမြာကြီးရဲစခန်းကို PDFပူးပေါင်းတပ်များမှ ဩဂုတ် ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်လာသဖြင့် အောက်တိုဘာ ၂၂ရက်၌ PDF တပ်ဖွဲ့များပြည်လည်ဆုတ်ခွာပေးခဲ့ရကြောင်း စစ်တပ်သည် ယင်းနေ့မှစတင်ကာ ငါန်းမြာကြီး ရွာထဲ၌ အထိုင်ချတပ်စွဲထားကြောင်း သိရသည်။
ငါန်းမြာကြီးရွာသည် အိမ်ခြေ ၁၅၀၀ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။