By PoeSangle / MPA
နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ကြားရှိ စစ်ကောင်စီတပ်စွဲထားသည့် ဂန့်ကော်ကျေးရွာတွင် ငါးရက်ဆက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၇ရက်တွင် စစ်ကောင်စီကသည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ တဆင့် ဂန့်ကော်ကျေးရွာသို့ စစ်ကြောင်းထိုးလာမှုကြောင့် TNLA နှင့် ပူးပေါင်းတပ်များက ဆုတ်ခွာပေးခဲ့သော်လည်း၊ နိုဝင်ဘာ တစ်ရက်မှစတင်ကာ TNLA ပူးပေါင်းတပ်များသည် စစ်ကောင်စီကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် ဂန့်ကော်ရွာတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းလည်းဖြစ်သည်။
“ အခုလေးတင် အသံကြားတုန်းပဲ၊ ငါးရက်ဆက်တိုက်ရှိပြီ၊ စစ်တပ်ဘက်က လေယာဉ်နဲ့ လာပစ်တယ်။ အထိအခိုက်တော့ ရှိတယ်လို့မကြားရဘူး။ ကျတော်လည်း သွားမကြည့်ရဲဘူး။ အဲ့ဒီဘက်က အမျိုးတွေလည်း ဒီဘက်ကို ရှောင်လာကြတယ်။ တောင်ခမ်းကိုလည်း မသိမ်းနိုင်သေးဘူး။ တစ်ခါတစ်လေ လက်နက်ကြီးအသံကြားရတယ်။ နေ့တိုင်းတော့ မကြားရဘူး” ဟု့ ဂန့်ကော်ကျေးရွာအနီးရှိ အုံမ္မတီးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဂန့်ကော်ကျေးရွာအတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ရာကျော်သည် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်များအတွင်းရှိ ကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထို့ပြင် နိုဝင်ဘာ တစ်ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆမ္မဆယ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ လေးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် နိုဝင်ဘာ နှစ်ရက်၊ ညရှစ်နာရီတွင် နောင်ချိုမြို့နယ်၊ ရပ်ကွက် ငါး၊ နယ်မြေ နှစ်အတွင်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ် ခုနှစ်လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။
“တိုက်ပွဲကတော့ ပြင်းထန်နေတုန်း၊ ကျတော်တို့ ဂန့်ကောဘက်ကို ထိုးစစ်ဆင်နေတုန်းပါ၊ ပြီးခဲ့တဲ့ တစ်ရက်နေ့တုန်းကတော့ ကုလားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုတော့ သိမ်းလိုက်နိုင်တယ် ” ဟု စစ်မြေပြင်သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ဆက်လက်ပြီး နိုဝင်ဘာ လေးရက်၊ မွန်းလွဲ နှစ်နာရီခွဲတွင် နောင်ချိုမြို့၊ ဘူတာရပ်ကွက်သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် လေးလုံးပျက်စီးခဲ့ပြီး အရပ်သားထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ခုနှစ် ၊ ဇူလိုင် ၁၀ရက်က ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ တပ်ရင်းအချို့ကျန်ရှိနေမှုနှင့် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။
“မြို့ထဲမှာတော့ ပုံမှန်တော့ မဖြစ်သေးဘူး။ လေယာဉ်လည်း ခဏခဏလာကြဲတယ်။ မနေ့ကလည်း ဘူတာရပ်ကွက်ဘက်မှာ လာကြဲသွားတယ်။ လူထိခိုက်မှုရှိမရှိဆိုတာတော့ သေချာမသိဘူး” ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦး ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း TNLA ထိန်းချုပ်နယ်မြေများအတွင်းသို့ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၃၄ဦးသေဆုံးပြီး ၈၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA က နိုဝင်ဘာ သုံးရက်တွင် ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားများနှင့် ဒဏ်ရာရရှိသူများသည် နောင်ချို၊ ကွတ်ခိုင်၊ သီပေါနှင့် နမ့်ဆန် ဒေသခံများဖြစ်ကြောင်း TNLA ကဆိုသည်။