By Bala / MPA
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ဝမ်မလန်းစခန်းကုန်းကို ဒရုန်းစစ်ဆင် ရေးဆင်နွှဲနေကြောင်း ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
နိုဝင်ဘာတစ်ရက်တွင် ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ဝမ်မလန်းစခန်းကုန်းကို ကရင်နီပြည်တပ်မတော် (KA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်တပ်က လေကြောင်းပစ်ကူပေးကာ ကာကွယ်နေသဖြင့် စခန်းမသိမ်းနိုင်သေးဘဲ ဒရုန်းဖြင့် ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
” စခန်းသိမ်းတိုင်းလေယာဉ်လာကြဲတာက သူတို့လုပ်ရိုးလုပ်စဉ်ပါ။ရှားတော ဗျူဟာသိမ်းတုန်းက ဗုံးအလုံးပေါင်း ၁၀၀၀လောက် ကြဲချတာပဲ။တစ်ခါကြဲ အလုံး၃၀၊၆၀ပြီးရင် ၁၀၀ အဲလိုချတာ” ဟု ၎င်းက MPAသို့ ပြောသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်းနှင့် ယနေ့(နိုဝင်ဘာလေးရက်)အထိ ဝမ်မလန်းစခန်းကုန်းကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ လောလောဆယ်တော့ ဝမ်မလန်းစခန်းကို ဒရုန်းနဲ့ပဲ ချနေတာပေါ့” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်ကယနေ့ ညနေ ၃နာရီကျော်တွင် ပြောသည်။
ဘောလခဲမြို့နယ်အတွင်း အရေးပါသည့် မယ်စလောင်းတောင် စခန်း၊ရေကျော်စခန်း နှင့် ထူးချောင်းစခန်းတို့ကို ကရင်နီတပ်ပေါင်းစုက ယခုနှစ်ဇွန်လအတွင်း သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ဘော်လခဲမြို့နယ်အတွင်းရှိ ၁၂ မိုင် စခန်းကုန်းနှင့် ဝမ်မလန်း စခန်းကုန်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးကာ ခုခံလျက်ရှိကြောင်းMPAက စုံစမ်းသိရသည်။