By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဂက်စ်ပိုက်လိုင်းစောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ သုံးရက်၊ မွန်းတည့် ၁၂နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအရှေ့ဘက်ရှိ ဂတ်စ်ပိုက်လိုင်းစောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
” ဂတ်စ်ပိုက်လိုင်းမှာ တချို့တစ်ဝက်ပဲနေတာ။ အများဆုံးနေတာ ဂက်စ်ပိုက်လိုင်းနားမှာ ရှိတဲ့ ပြည်သူတွေ မနေတော့တဲ့ အိမ်တွေမှာ တပ်စွဲနေတာ။ ဂက်စ်ပိုက်လိုင်းနဲ့နီးတယ်။ နေအိမ်တွေကို ချတာ။ နေအိမ်ဝင်းရှေ့မှာ လောင်းကစားဝိုင်းရှိတယ်။ သူတို့အပျော်ဆော့ကြတာနေမှာ။ ပထမဆုံးချတဲ့ အလုံးတင် ဝိုင်းထဲကျတော့ နှစ်ယောက် တစ်ခါတည်း ပွဲချင်းပြီးတာ” ဟု နွားထိုးကြီးမြို့နယ်ပကဖမှ ဒရုန်းရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ပြီး ထိခိုက်၊ သေဆုံးသူများကို ကားတစ်စီးဖြင့် လာသယ်သွားကြောင်း သိရသည်။
” အတိအကျတော့ မသိရဘူး။ ကားနဲ့ဝင်သွားတာ။ နွားထိုးမြို့ပေါ်ပဲဖြစ်မှာပေါ့။ အနီးနားလေးမှာ ဆေးခန်းတော့မရှိဘူး” ဟု ၎င်းကဆက်လက် ပြောသည်။
ယင်းတိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ်ပကဖ၊ မြင်းခြံခရိုင်အမှတ်ရှစ်တပ်ရင်းနှင့် မြင်းခြံခရိုင်ဒရုန်းတပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။