By Garcia Ni / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း CDF(မင်းတပ်)၊ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါတိုက်ခိုက်မှုများသည် မင်းတပ်မြို့ပေါ်နှင့် တိုက်နယ်အမှတ်လေး တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12တို့ဖြင့် ပေါင်၅၀၀၊ ပေါင်၂၅၀ ဗုံးသီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” သူတို့အလုပ်ကို သူတို့လုပ်သွားတာလို့ပဲမြင်ပါတယ်။ ကျတော်တို့လည်း ကျတော်တို့အလုပ်ကိုလုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်ဗျ “ ဟု CDF(မင်းတပ်)တာဝန်ရှိသူက MPAကိုပြောသည်။
ထို့ပြင် အောက်ဘာလအတွင်း CDF(မင်းတပ်)ရဲဘော်၄ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်မူ ကာကွယ်ရေးရဲဘော်နှင့် ပြည်သူထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ကျဆုံးသွားသော ရဲဘော်လေးဦးမှာ ဆလိုင်းယောမောင်းကီး၊ ဆလိုင်းတဲ့ကီး၊ ဆလိုင်းနိုင်းလိန်းနှင့် ဆလိုင်းချွဲဟုန်းတို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့ကျဆုံးမှုနှင့်ပတ်သက်၍ ” လောလောဆယ်တော့ဒါနဲ့ပတ်သက်ပြီး ဖြေလို့မရပါဘူးခင်ဗျ” ဟု CDF(မင်းတပ်)တာဝန်ရှိသူက ဆိုသည်။
လက်ရှိ စစ်ကောင်စီသည် မင်းတပ်မြို့၊ ခလရ(၂၇၄)တပ်ရင်းသို့ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလများအတွင်းက Y12 ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကိုဖြည့်တင်း၍ ခံစစ်ပြင်ဆင်နေခဲ့သည်။
မင်းတပ်မြို့ပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားကြရန် CDF(မင်းတပ်)က ကြေညာမှုများလည်းရှိခဲ့ကြောင်းသိရသည်။
” မင်းတပ်မြို့ပေါ်မှာတော့ ထိတွေ့မှုလေးတွေနည်းနည်းချင်းဖြစ်နေတယ်လို့သိရတယ်။ အခုက ရွာထဲမှာ ရွာတိုင်းနီးနီးပေါ့ လူသိပ်မရှိဘူး။ တောင်ယာတွေမှာဘဲ နေထိုင်ကြတာ၊ စပါး၊ ဆပ်ဝါ ရိတ်သိမ်းပြီးမှ ရွာထဲပြန်ဝင်ကြမှာ “ ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ထို့ပြင် မင်းတပ်မြို့နယ်အတွင်းရှိကျေးရွာများအနေဖြင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် အိမ်တိုင်းလိုလိုဗုံးခိုကျင်းများတူးထားကြရန် CDF(မင်းတပ်)က အကြိမ်ကြိမ်ထုတ်ပြန်သတိပေးခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။
” အခုက မြို့အနီးတဝိုက်တွေပဲ AS(လေကြောင်းတိုက်ခိုက်မှု)လုပ်တာဆိုတော့ ပြည်သူတွေထိတာတော့မကြားမိဘူး။ ပြီးတော့ အိမ်တိုင်းလိုလိုလည်း ဗုံးခိုကျင်းတွေရှိကြတယ်။ တူးထားကြတယ်” ဟု မင်းတပ်တိုက်နယ် အမှတ်နှစ်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက MPAကိုပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာလအတွင်း မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်နှင့်အနောက်ရပ်ကွက်များမှ ပြည်သူ့နေအိမ်၃၀ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF(မင်းတပ်)၊သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ယင်းအပြင် စစ်ကောင်စီသည် မင်းတပ်မြို့ပတ်ပတ်လည်သို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းများကိုလည်း မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။