By Nway / MPA
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် လဝက်ကြာ စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၅၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
အောက်တိုဘာ ၁၄ရက်မှစ၍ ပုလောမြို့နယ်အတွင်း စစ်ကြောင်းဝင်ရောက်နေခြင်းဖြစ်ပြီး ကြဲ၊ စက်တော်ရာ၊ တပို၊ ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်၊ ကဒဲ၊ မိမ္မမြို့စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ခန့် စစ်ရှောင်နေရကြောင်း မြိတ်ခရိုင်အမှတ်တစ်တပ်ရင်းထံက သိရသည်။
“ ရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ အရပ်သားဖမ်းဆီးတာ ရှိပါတယ်။ အရေအတွက်ကို အတည်မပြုနိုင်သေးဘူး” ဟု မြိတ်ခရိုင်အမှတ်တစ်တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက MPA ကိုပြောသည်။
အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ နေ့စဉ် ထိတွေ့တိုက်ပွဲများရှိပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ၁၀၀ ထက်များနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပုလောမြို့နယ်သည် တော်လှန်ရေးအင်အားစုများအားကောင်းပြီး ကာလရှည်ကြာတိုက်ပွဲပြင်းထန်တတ်ကြောင်း တနင်္သာရီဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ၏ အောက်တိုဘာ ၁၆ရက် ထုတ်ပြန်သည့် အစီအရင်ခံစာအရသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။